အက်စတွန်ဗီလာအသင်းနဲ့ အင်္ဂလန်လက်ရွေးစင် ကစားသမားဟောင်းကြီး ဂါဘရီရယ်အဘွန်လဟော်က မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ပြီးခဲ့တဲ့ နွေရာသီကမှ ဂျုဗင်တပ်စ်အသင်းကနေ ခေါ်ယူထားခဲ့တဲ့ ထိပ်တန်း ဝါရင့်ကစားသမားကြီး ခရစ္စတီယာနိုရော်နယ်လ်ဒိုကို အသင်းကနေ ပြန်လည်စွန့်လွှတ်လိုက်သင့်တယ်လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Sportskeeda

အသက်(၃၆)နှစ်အရွှယ်ရှိ ပေါ်တူဂီ ထိပ်တန်းကစားသမားကြီး ရော်နယ်လ်ဒိုဟာ အသင်းနဲ့ ပြန်လည်လက်တွဲချိန်မှာ ပြိုင်ပွဲစုံ(၂၁)ပွဲအတွင်း သွင်းဂိုး(၁၄)ဂိုးထိ သွင်းယူနိုင်ခဲ့သလို တချို့ပွဲတွေမှာဆိုရင်လည်း နောက်ကျအနိုင်ဂိုးတွေ နောက်ကျချေပဂိုးတွေကိုပါ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဘလွန်းဒေါဆုကို (၅)ကြိမ်ထိ ရယူထားနိုင်တဲ့ ထိပ်သီးကစားသမားကြီး ရော်နယ်လ်ဒို ရောက်ရှိလာခြင်းဟာ ယူနိုက်တက်အသင်းရဲ့ လူငယ်ကစားသမားလေးတွေ ဖွံဖြိုးတိုးတတ်မှုအပေါ် အဟန့်အတား ဖြစ်နေရတဲ့အပြင် ယူနိုက်တက်အသင်းဟာလည်း ရော်နယ်လ်ဒို မပါဝင်နိုင်တဲ့ ပွဲစဉ်တွေမှာဆိုရင် ပိုပြီး ကစားပုံကောင်းမွန်နေတယ်လို့ အဘွန်လဟော်က သုံးသပ်သွားခဲ့ပါတယ်။

Photo Credit : Sportskeeda

အဘွန်လဟော်က “ရော်နယ်လ်ဒိုနဲ့ ကာဗာနီတို့နှစ်ယောက်ကို တိုက်စစ်မှာ တွဲဖက်အသုံးပြုလာတာက ပွဲတိုင်းအတွက် အဆင်မပြေနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ထဲက တစ်ယောက်လောက်က ဘောလုံးရဖို့ ကွင်းလယ်မှာ ဘောလုံးဆင်းယူနေရတာဆိုတော့ အဆင်မပြေဘူး။ တကယ်ဆို ဒီနေရာမှာက ဖာနန်ဒက်စ် ဝင်ကစားရမှာပါ။ ရော်နယ်လ်ဒို အသင်းကို ရောက်လာတဲ့အချိန်နောက်ပိုင်း ဖာနန်ဒက်စ်ရဲ့ ခြားနားချက်တွေကို သင်တို့ မြင်နိုင်ပါတယ်။ ရော်နယ်လ်ဒို မရောက်လာခင်တုန်းက ဖာနန်ဒက်စ်ဟာ ယူနိုက်တက်ရဲ့ အဓိက ကစားသမားတစ်ဦးပါ။ အခု ရော်နယ်လ်ဒိုက အဓိက ဖြစ်နေတယ်။ ဝုလ်ဗ်နဲ့ပွဲမှာဆိုရင် အသင်းခေါင်းဆောင်ပါ ဖြစ်နေတယ်။ ရော်နယ်လ်ဒို မရှိတုန်းက မက်ဂွိုင်းယား မကစားနိုင်တဲ့ပွဲဆို ဖာနန်ဒက်စ်က အသင်းခေါင်းဆောင်လေ။ အခု သူက အရန်ခုံမှာ ထိုင်နေရပြီ။ အခြေအနေ တစ်ခုလုံးကို ကြည့်လိုက်ရင် ရော်နယ်လ်ဒိုကို အသင်းဆီ ပြန်ခေါ်ဆောင်ခဲ့တဲ့ ဆိုးလ်ရှားအနေနဲ့ပါ သူအမှားတစ်ခု လုပ်မိခဲ့တယ်ဆိုတာ သိနေပါလိမ့်မယ်။ ဟုတ်ပါတယ် ရော်နယ်လ်ဒိုက ဂိုးတွေသွင်းနေတယ်။ ဒါပေမယ့် ဂရင်းဝုဒ်တို့ ရက်ရှ်ဖိုဒ့်တို့လည်း ဒီလိုနေရာမျိုးကနေ ဂိုးတွေ သွင်းယူနိုင်တာပဲ။ ကျွန်တော်သာဆိုရင် လာမယ့်နွေမှာ ရော်နယ်လ်ဒိုကို အသင်းကနေ စွန့်လွှတ်လိုက်ပြီး ဆန်ချို ဂရင်းဝုဒ် ရက်ရှ်ဖိုဒ့်တို့ကိုပဲ တွဲကစားစေလိုက်မှာ” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။