ဆာဂျီယိုအဂွဲရိုး အသင်းနဲ့ လမ်းခွဲသွားပြီးနောက်ပိုင်း သူရဲ့နေရာအတွက် ပြန်လည် ဖြည့်တင်းနိုင်ခြင်း မရှိသေးခဲ့တဲ့ မန်စီးတီးအသင်းဟာ လာမယ့်နွေမှာတော့ အသင်းရဲ့ အထောင်တိုက်စစ်နေရာအတွက် ဒေါ့မွန်အသင်းရဲ့ နော်ဝေတိုက်စစ်ကစားသမားလေး အာလင်းဟာလန်းကို ခေါ်ယူသွားဖို့ စီစဉ်လျက်ရှိနေရာ ကစားသမားနဲ့ သဘောတူညီမှု ရယူထားနိုင်ပြီလို့ သတင်းတွေ ထွက်နေသလို မန်စီးတီးဘက်က ဟာလန်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ လုပ်ခလစာ အမြင့်မားဆုံးကစားသမား ဖြစ်လာအောင်ပါ လုပ်ဆောင်ပေးသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : Bitter and Blue

အသက်(၂၁)နှစ်အရွှ့ယ်ရှိ နော်ဝေလက်ရွေးစင် လူငယ်တိုက်စစ်ကစားသမားလေး ဟာလန်းဟာ သူရဲ့ယခင်ကလပ် ရက်ဘူးဆာလ်ဇ်ဘာ့ဂ်ကနေ ဒေါ့့မွန်အသင်းဆီ ပြောင်းရွှေ့ခဲ့ချိန်တုန်းက စာချုပ်ပါ အချက်အလက်တွေထဲမှာ ၂၀၂၂ နွေစျေးကွက်အတွင်း ဟာလန်းရဲ့ ယူရို(၇၅)သန်း စာချုပ်ဖျက်သိမ်းကြေး စတင် အကျိုးသက်ရောက်ရမယ်ဆိုတဲ့ အချက်ကို ထည့်သွင်းထားခဲ့လို့ ဥရောပထိပ်သီး ကလပ်အသင်းတွေအနေနဲ့ လာမယ့်နွေမှာပဲ ဟာလန်းကို ခေါ်ယူဖို့ အပြိုင်ကြိုးပမ်းဖွယ် ရှိနေတာ ဖြစ်ပါတယ်။ ဒီအသင်းတွေထဲမှာ မန်စီးတီးလည်း ပါဝင်လို့နေပြီး စီးတီးဘက်ကလည်း No.9 Role မှာ အရည်အချင်း ပြည့်ဝစွာနဲ့ ကစားတတ်တဲ့ ဟာလန်းလို တိုက်စစ်မှူးမျိုးကို ခေါ်ယူချင်နေတာကြောင့် အသေအချာ ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေသလို လတ်တလောမှာလည်း ကစားသမားနဲ့ပါ သဘောတူညီမှု ရယူထားနိုင်ခဲ့တယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

Photo Credit : CaughtOffside

ဒီလို သတင်းထွက်ပေါ်ပြီးနောက်မှာ ဗြိတိန်ရဲ့ အထင်ကရ Daily Mail သတင်းမီဒီယာရဲ့ အားကစားဂျာနယ်လစ် မိုက်ကီးကန်းရဲ့ ဖော်ပြချက်အရ မန်စီးတီးအသင်းဟာ တိုက်စစ်မှူးဟာလန်းကို တစ်ပတ်လုပ်ခ အနည်းဆုံး ပေါင်(၅)သိန်းလောက် ပေးချေသွားဖို့ထိပါ ကမ်။လှမ်းထားတယ်လို့ သိရှိရပြီး ဟာလန်းကိုယ်တိုင်ကလည်း ဒီကမ်းလှမ်းမှုအပေါ် သဘောတုူညီထားတယ်လို့ ဖော်ပြလာခဲ့ပါတယ်။ လက်ရှိ ပရီးမီးယားလိဂ်မှာ တစ်ပတ်လုပ်ခ အများဆုံး ရရှိနေတဲ့ ကစားသမားက မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ထိပ်တန်းကစားသမားကြီး ခရစ္စတီယာနိုရော်နယ်လ်ဒိုဖြစ်ပြီး ပေါင်(၅၁၀၀၀၀)ထိကို ရရှိနေတာဖြစ်သလို ရော်နယ်လ်ဒိုရဲ့နောက်မှာတော့ မန်စီးတီးအသင်းရဲ့ အဓိက ကွင်းလယ်ကစားသမား ကယ်ဗင်ဒီဘရိုင်းနားက တစ်ပတ် ပေါင်(၄)သိန်းနဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။ တကယ်လို့ ဟာလန်းသာ မန်စီးတီးကို ရောက်ရှိလာမယ်ဆိုရင် မန်စီးတီးဘက်က ဟာလန်းအတွက် တစ်ပတ်လုပ်ခ ပေါင်(၅)သိန်းအထက်ထိ ပေးချေသွားဖို့ ရှိနေတာကြောင့် ဟာလန်းအနေနဲ့ မန်စီးတီးကိုသာ ရောက်ရှိလာခဲ့မယ်ဆိုရင် အသင်းဖော်တွေဖြစ်လာမယ့် ဒီဘရိုင်းနား ဂျက်ဂရီးလစ်ရှ် ရာဟင်စတာလင်တို့အပြင် ရော်နယ်လ်ဒိုထက်ပါ လစာပိုကောင်းတဲ့ ပရီးမီးယားလိဂ်ကြယ်ပွင့် ဖြစ်လာနိုင်ပါလိမ့်မယ်။