မနေ့ညက မန်စီးတီးအသင်းအနေနဲ့ အက်စတွန်ဗီလာအသင်းရဲ့ အင်္ဂလန်ကြယ်ပွင့် ကစားသမားဖြစ်သူ ဂျက်ဂရီးလစ်ရှ်ကို ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း(၁၀၀)နဲ့ ခေါ်ယူဖို့အတွက် အဆင်ပြေနိုင်ခဲ့ပြီဆိုပြီး ဗြိတိန်နာမည်ကျော် သတင်းမီဒီယာတွေမှာပါ ဖော်ပြလာခဲ့ပေမယ့်လည်း ဘောလုံးအပြောင်းအရွှေ့သတင်းတွေရဲ့ ဆရာတစ်ဆူဖြစ်တဲ့ ဖာဘရီဇီယိုရိုမာနိုရဲ့ ဖော်ပြချက်မှာတော့ ဂရီးလစ်ရှ်ရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး အသင်း(၂)သင်းရဲ့ကြားမှာပင် ဘာဆွေးနွေးမှု ရှိမနေသေးဘူးလို့ သိရှိရပါတယ်။

အသက်(၂၅)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တောင်ပံကစာသမား ဂရီးလစ်ရှ်ဟာ ဗီလာ လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး လက်ရှိမှာလည်း ဗီလာအသင်းရဲ့ အသင်းခေါင်းဆောင်လည်း ဖြစ်နေသလို အသင်းအတွက် အဓိက ကစားသမားတစ်ယောက်လည်း ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဗီလာအသင်းအတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး(၇)ဂိုး ဂိုးဖန်တီးမှု (၁၂)ကြိမ်အထိ စွမ်းဆောင်ပေးထားနိုင်ခဲ့သလို လက်ရှိမှာလည်း အင်္ဂလန်အသင်းနဲ့အတူ ယူရို-၂၀၂ဝပြိုင်ပွဲကို ပါဝင်ဆင်နွဲနေရတဲ့ ဂရီးလစ်ရှ်နဲ့ သူရဲ့အင်္ဂလန်အသင်းဖော် တိုက်စစ်ကစားသမား ဟာရီကိန်းတို့ (၂)ဦးလုံးကို ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းကနေ ခေါ်ယူချင်နေတာဖြစ်ပါတယ်။

Photo Credit : Eurosport

ဗီလာအသင်းကတော့ သူတို့ရဲ့ အသင်းခေါင်းဆောင် ကြယ်ပွင့်ကစားသမား ဂရီးလစ်ရှ်ကို မနှစ်ကမှ (၅)နှစ်စာချုပ်သက်တမ်း တိုးမြှင့်ထားတာဖြစ်ပြီး လက်ရှိမှာလည်း သက်တမ်းက (၄)နှစ်အထိ ကျန်ရှိနေသေးတာဖြစ်လို့ အလွယ်တကူ လက်လွတ်မသွားချင်သလို မဖြစ်မနေ ရောင်းချရမယ်ဆိုရင်တောင် ပြောင်းရွှေ့ကြေးကို ပေါင်သန်းတစ်ရာလောက်နဲ့ ကမ်းလှမ်းလာမှသာ လက်ခံဖွယ် ရှိနေပါတယ်။ ဒီလိုအခြေအနေရှိနေတဲ့ ဂရီးလစ်ရှ်ကို မန်စီးတီးဘက်ကနေ သူတို့အသင်းရဲ့ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်သန်းတစ်ရာနဲ့ ကမ်းလှမ်းလာခဲ့တာကြောင့် ဂရီးလစ်ရှ်ဟာ မန်စီးတီးကစားသမားသစ် ဖြစ်လာတော့မယ်ဆိုပြီး ကောလဟာလသတင်းတွေ မနေ့ကပဲ ထွက်ပေါ်လာခဲ့ပေမယ့် အပြောင်းအရွှေ့ဂုရုကြီး ဖာဘရီဇီယိုကတော့ မန်စီးတီးအသင်းဟာ ဂရီးလစ်ရှ်အပေါ် အလွန်စိတ်ဝင်စားမှု ရှိနေပေမယ့် လတ်တလောမှာတော့ သူ့ကို ခေါ်ယူနိုင်မယ့် ကိစ္စအတွက် ဘာဆွေးနွေးမှုမှ ရှိမနေဘူးလို့ ဖော်ပြသွားခဲ့ပါတယ်။ ရိုမာနိုရဲ့ ဖော်ပြချက်ထဲမှာတော့ မန်စီးတီးအသင်းဟာ အင်္ဂလန်ကြယ်ပွင့်တွေဖြစ်တဲ့ ဂျက်ဂရီးလစ်ရှ်နဲ့ ဟာရီကိန်းတို့ကို ယူရို-၂၀၂ဝပြိုင်ပွဲကြီး ပြီးဆုံးသွားမှသာ ကမ်းလှမ်းမှုတွေကို အသေအချာ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။