ဘာစီလိုနာအသင်းဆီကနေ ထွက်ခွာလိုနေတဲ့ အာဂျင်တီးနားတိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီကို ခေါ်ယူနိုင်ဖို့အတွက် မန်စီးတီးအသင်းဘက်ကနေ ခေါ်ယူသွားဖို့ ကြိုးပမ်းလျက်ရှိနေပြီး လတ်တလောမှာလည်း မန်စီးတီးအသင်းရဲ့ဒါရိုက်တာဖြစ်သူ ဘီဂီရီစတိန်းက စပိန်နိုင်ငံ ဘာစီလိုနာမြို့ကို ရောက်ရှိနေပြီး မက်ဆီရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်လို့ ကြိုးပမ်းလျက်ရှိနေသလို တကယ်လို့သာ မက်ဆီကို ဒီနှစ်နွေစျေးကွက်အတွင်းမှာပဲ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် (၂)နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုသွားမယ်လို့လည်း သိရပါတယ်။

Photo Credit : Daily Mail

အသက်(၃၃)နှစ်အရွှယ်ရှိ အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမား မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာကျန်ရှိတော့တာဖြစ်ပေမယ့်လည်း ဒီနှစ်နွေစျေးကွက်အတွင်းမှာပဲ အသင်းကနေ ထွက်ခွာသွားချင်နေတာဖြစ်ပြီး လက်ရှိအချိန်ထိလည်း အသင်းနဲ့ ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်တွေမှာ ပါဝင်ခြင်းမရှိတာ (၂)ရက်ခန့်ရှိသွားပြီဖြစ်ပါတယ်။ ဒီလိုအခြေအနေရှိနေတဲ့ မက်ဆီဟာ ဘာစီလိုနာအသင်းဥက္ကဌ ဘာတိုမူနဲ့ မနက်ဖြန်မှာပဲ နောက်ဆုံးအကြိမ်တွေ့ဆုံမှုကို လုပ်ဆောင်သွားတော့မှာဖြစ်ကာ ဒီတွေ့ဆုံမှုကနေ မက်ဆီရဲ့အနာဂတ်ကို ပိုပြီးရှင်းရှင်းလင်းလင်း သိလာရတော့မှာဖြစ်ပါတယ်။

Photo Credit : Daily Mail

တကယ်လို့သာ မက်ဆီကို ဘာစီလိုနာဘက်နေ လက်လွတ်တော့မယ်ဆိုရင် မက်ဆီရဲ့နည်းပြဟောင်း ပတ်ဂွာဒီယိုလာ ကိုင်တွယ်လို့နေတဲ့ မန်စီးတီးအသင်းကနေ မက်ဆီကို အရခေါ်ယူသွားမှာဖြစ်ပေမယ့် ဘာစီလိုနာအသင်းဘက်ကတော့ မက်ဆီတောင်းဆိုထားသလို အလွတ်ပြောင်းရွှေ့ကြေးထက် စာချုပ်လျော်ကြေးပမာဏအတိုင်း ယူရိုသန်း(၇၀၀)လောက်အထိ ရရှိမှသာ ရောင်းချဖွယ်ရှိနေပါတယ်။ မက်ဆီကို မန်စီးတီးအသင်းနဲ့အပြိုင် ဂျုဗင်တပ်စ် ပီအက်စ်ဂျီ အင်တာမီလန်အသင်းတို့ကနေ စိတ်ဝင်တစားရှိနေကြပေမယ့် ဒီအသင်းတွေအားလုံးထက် မန်စီးတီးက မက်ဆီကို ခေါ်ယူနိုင်ဖို့ ပိုမိုအားသာလျက်ရှိနေပြီး မန်စီးတီးမှာက မက်ဆီနဲ့ ဘာစီလိုနာအသင်းမှာ လက်တွဲခဲ့ဖူးတဲ့ ဂွာဒီယိုလာရော ဘီဂီရီစတိန်းပါ ရှိလို့နေသလို အာဂျင်တီးနားအသင်းဖော် ဆာဂျီယိုအဂွေရိုပါ ရှိနေတဲ့အတွက် မက်ဆီကိုယ်တိုင် မန်စီးတီးကိုပဲ ရွေးချယ်လာနိုင်ပါတယ်။ မန်စီးတီးအသင်းကလည်း သူတို့အသင်း တစ်ခါမှ မပိုင်ဆိုင်ရဖူးသေးတဲ့ ဥရောပချန်ပီယံလိဂ်ဆုဖလားကြီးကို ပိုင်ဆိုင်နိုင်ဖို့အတွက် မက်ဆီလိုကစားသမားမျိုးကို မဖြစ်မနေ လိုအပ်နေတာကြောင့် ခေါ်ယူလို့ရနိုင်တဲ့ အခွင့်အရေးရနေချိန်မှာ အရခေါ်ယူသွားဖွယ် ရှိလို့နေပါတယ်။