မန်စီးတီးအသင်းဟာ လာမဲ့ ရက်ပိုင်းအတွင်းမှာပဲ အာဂျင်တီးနား လူငယ်ကြယ်ပွင့် ကွင်းလယ်ကစားသမားလေး မက်ဆီမိုပယ်ရိုနီရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး အပြီးသတ် လုပ်ဆောင်သွားနိုင်တော့မယ်လို့ နာမည်ကြီး ဘောလုံးသတင်းထောက် ဖာဘရီဇီယိုရိုမာနိုက ဖော်ပြလာခဲ့ပါတယ်။
Photo Credit : Goal
အသက်(၂၀)အရွယ်ရှိ အာဂျင်တီးနား ကွင်းလယ်ခံစစ် ကစားသမားလေး ပယ်ရိုနီဟာ အာဂျင်တီးနားကလပ် Vélez Sarsfield အသင်းရဲ့ လူငယ် အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တဲ့ ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်ပြီး အာဂျင်တီးနား ယူ-၂၀အသင်းမှာလည်း ပါဝင်ထားခဲ့ရသူလည်း ဖြစ်ပါတယ်။ ၂၀၂၂ခုနှစ်ကမှ Vélez Sarsfield စီနီယာအသင်းအတွက် စတင် ပါဝင်ခွင့်ရခဲ့တဲ့ ပယ်ရိုနီက သူရဲ့ ပထမဆုံးသော ဘောလုံးရာသီမှာပဲ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့တာကြောင့် သူ့ကို မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာက အသင်းဆီ ခေါ်ဆောင်ဖို့ စိတ်ဝင်စားလာခဲ့တာ ဖြစ်ပါတယ်။
Photo Credit : Youtube
မန်စီးတီးအသင်းက ပယ်ရိုနီကို ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက စတင် ချိတ်ဆက်နေခဲ့တာဖြစ်ပြီး အာဂျင်တီးနား ယူ-၂၀အသင်းရဲ့ နည်းပြအဖြစ် ဆောင်ရွက်နေတဲ့ ဂွာဒီယိုလာ တပည့်ဟောင်း မာရှေယာနိုနဲ့ပါ တွေ့ဆုံကာ ပယ်ရိုနီအကြောင်း ပြောဆိုထားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာလည်း ဂွာဒီယိုလာဟာ ပယ်ရိုနီကို သူရဲ့ မန်စီးတီးအသင်းဆီ ခေါ်ဆောင်နိုင်ဖို့က နီးစပ်နေပြီဖြစ်ပြီး wiki ထဲမှာလည်း ပယ်ရိုနီရဲ့ ကိုယ်ရေးအကျဉ်းထဲမှာ ပယ်ရိုနီက ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလမှာ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့တော့မယ်လို့ ရေးသား ဖော်ပြထားခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့နှစ် ဒီလိုအချိန်မျိုးမှာပဲ အာဂျင်တီးနားကြယ်ပွင့် လူငယ်ကစားသမားလေး ယူလီယန်အဲဗာရက်ဇ်ကို ရေးဗားပလိတ်အသင်းကနေ ခေါ်ယူထားခဲ့ပြီး အခုဆို အဲလ်ဗာရက်ဇ်က အာဂျင်တီးနားအသင်း ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ခဲ့ရသလို မန်စီးတီးအတွက် အရေးပါတဲ့ ကစားသမားတစ်ဦးပါ ဖြစ်လာခဲ့ရပါတယ်။ ဒါကြောင့်လည်း မန်စီးတီးက အာဂျင်တီးနား ကလပ်အသင်းတွေအတွင်း အလားအလာ ရှိနိုင်မယ့် ကစားသမားလေးတွေကို စောင့်ကြည့်လျက် ရှိလာသလို အခုလည်း ပယ်ရိုနီကို အသင်းဆီ အရ ခေါ်ဆောင်သွားနိုင်တော့မှာပဲ ဖြစ်ပါတယ်။