မန်စီးတီးအသင်းကတော့ လိဒ်စ်ယူနိုက်တက်အသင်းမှာ အငှားချထားတဲ့ သူတို့ရဲ့ကစားသမားဖြစ်သူ ဂျက်ဟာရီဆန်ကို လာမယ့်နွေစျေးကွက်အတွင်းမှာပဲ အသင်းကနေ အပြီးသတ်ရောင်းထုတ်သွားဖွယ် ရှိနေတယ်လို့ ဗြိတိန်အခြေစိုက် The Athletic သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။ ဟာရီဆန်ဟာ တောင်ပံတိုက်စစ်ကစားသမားတစ်ယောက်ဖြစ်ပြီး လိဒ်စ်ယူနိုက်တက်အသင်းရဲ့ အရေးပါလှတဲ့ ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။

Photo Credit : Sky Sports

အသက်(၂၄)နှစ်အရွှယ်ရှိ အင်္ဂလန်တောင်ပံကစားသမား ဟာရီဆန်ဟာ လိဒ်စ်ယူနိုက်တက်အသင်းမှာ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီကနေစတင်ပြီး အငှားစာချုပ်နဲ့ ပါဝင်ကစားနေတာဖြစ်သလို လက်ရှိမှာလည်း သူရဲ့လိဒ်စ်ယူနိုက်တက် ကစားသမားဘဝ(၃)ရာသီမြောက်ကို ဖြတ်သန်းနေတာဖြစ်ပါတယ်။ မန်စီးတီးအသင်းအနေနဲ့ကတော့ သူတို့ရဲ့ကစားသမားကို (၄)ရာသီမြောက် အငှားဆက်မချချင်တော့တဲ့အပြင် အသင်းမှာကလည်း သူ့ကို အသုံးပြုသွားဖို့ မလွယ်ကူတာကြောင့် လာမယ့် နွေရာသီအပြောင်းအရွှေ့စျေးကွက်အတွင်းမှာ အသင်းကနေ အပြီးသတ်ရောင်းချသွားဖို့ ပြင်ဆင်လာခဲ့တာဖြစ်တယ်လို့ The Athletic ကနေ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : Premier League

ဟာရီဆန်ဟာ လိဒ်စ်ယူနိုက်တက်အသင်းကို ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည်တတ်လှမ်းလာနိုင်အောင် အဓိကစွမ်းဆောင်ပေးခဲ့သူဖြစ်ပြီး ဒီနှစ်ဘောလုံးရာသီမှာလည်း လိဒ်စ်အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၂၆)ပွဲ ပါဝင်ကစားထားခဲ့ကာ (၆)ဂိုးသွင်းပြီး (၄)ဂိုး ဖန်တီးထားနိုင်ခဲ့ပါတယ်။ လီဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ လူငယ်အကယ်ဒမီတွေကနေ ပေါ်ထွက်လာခဲ့တဲ့ ဟာရီဆန်ဟာ ၂၀၁၈ခုနှစ်မှာပဲ မေဂျာလိဂ်ကလပ် နယူးယောခ့်စီးတီးကနေ မန်စီးတီးအသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး လိဒ်စ်ယူနိုက်တက်ကို အငှားနဲ့ မသွားရောက်ခင်က မစ်ဒယ်ဘရော့မှာပါ အငှားနဲ့ သွားရောက်ခဲ့ပါသေးတယ်။ မန်စီးတီးအသင်းဘက်ကတော့ ဟာရီဆန်အတွက် ပြောင်းရွှေ့ကြေး ပေါင်(၁၁)သန်းဝန်းကျင်လောက် အလိုရှိနေပြီး သူ့ကို (၃)ရာသီဆက်တိုက် အငှားနဲ့ ခေါ်ယူထားခဲ့တဲ့ လိဒ်စ်ယူနိုက်တက်အသင်းအပြင် အခြားသော ပရီးမီးယားလိဂ်အသင်းတွေကလည်း စိတ်ဝင်စားနေတာကြောင့် လာမယ့်နွေစျေးကွက်မှာ ဟာရီဆန်ကို အပြိုင်ကမ်းလှမ်းမှုတွေ လုပ်ဆောင်ကြဖွယ် ရှိလာနိုင်ပါတယ်။