မန်ချက်စတာ စီးတီးအသင်းဟာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ကွင်းလယ်ဖန်တီးရှင် ကစားသမား ကယ်လ်ဗင် ဒီဘရိုင်းရဲ့ နေရာမှာ လေဗာကူဆင်အသင်းက ဂျာမနီကြယ်ပွင့် ကစားသမားလေး ဖလော်ရီယန် ဝစ်ဇ်နဲ့ အစားထိုး ခေါ်ယူသွားဖို့အတွက် ပစ်မှတ်ထားလျက် ရှိနေတယ်လို့ သိရပါတယ်။
မန်စီးတီးရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်သူ ဒီဘရိုင်းဟာ ၂၀၂၅ ဇွန်လမှာပဲ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပေမယ့် အခုအချိန်ထိ စာချုပ်ကိစ္စက တိုးတက်မှု ရှိမနေသေးဘဲ အသင်းကနေသာ ထွက်ခွာရဖွယ် ရှိနေရပါတယ်။ မန်စီးတီးနည်းပြ ပပ် ဂွါဒီယိုလာကလည်း ဒီဘရိုင်းနေရာအတွက် ငယ်ရွယ်ပြီး အရည်အသွေး ပြည့်ဝတဲ့ ကစားသမားတစ်ဦးနဲ့ အစားထိုးသွားချင်နေပါတယ်။
Photo Credit : Caught Offside
လက်ရှိ မန်စီးတီးရဲ့ ကွင်းလယ်ပိုင်းမှာ ဒီဘရိုင်းအပြင် ဂွန်ဒိုဂန်၊ ဘာနာဒို ဆေးလ်ဗားနဲ့ ကိုဗာဆစ်တို့ကပါ အသက်(၃၀)နဲ့အထက်တွေ ဖြစ်နေတာကြောင့် ကွင်းလယ်တန်းကို အသက်ငယ်ရွယ်တဲ့ ကစားသမားတွေနဲ့ အစားထိုးချင်နေပြီး ဆောင်းဈေးကွက်မှာလည်း ပေါ်တိုက စပိန်ကွင်းလယ်လူ နီကိုး ဂွန်ဇာလက်ဇ်ကိုပါ ခေါ်ယူထားခဲ့ပါသေးတယ်။
အခုလည်း မန်စီးတီးက ဘိုင်ယန်နဲ့ စာချုပ်သက်တမ်း တိုးလိုက်ပြီဖြစ်တဲ့ မူစီအာလာကို ခေါ်ယူဖို့ မလွယ်ကူတော့တာကြောင့် နောက်ထပ် ဂျာမနီ ကြယ်ပွင့်ကစားသမားလေးဖြစ်သူ ဖလော်ရီယန် ဝစ်ဇ်ကိုသာ ခေါ်ယူသွားဖို့ ပြောင်းလဲ ချိန်ရွယ်လာခဲ့တာပဲ ဖြစ်ပါတယ်။ အသက်(၂၁)နှစ်အရွယ် ဂျာမနီ လက်ရွေးစင် ကစားသမားလေး ဝစ်ဇ်ဟာ ဒီရာသီမှာ လေဗာကူဆင်အတွက် (၁၅)ဂိုးသွင်း (၁၂)ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။
Photo Credit : Goal
၂၀၂၀ခုနှစ်ကနေ စတင်ပြီး လေဗာကူဆင်အတွက် ပွဲကစားခွင့်တွေ ရရှိလာခဲ့တဲ့ ဝစ်ဇ်ဟာ ကွင်းလယ်တိုက်စစ်အပြင် ဘယ်တောင်ပံမှာ inverted winger အဖြစ်နဲ့ရော false nine အဖြစ်နဲ့ပါ ကစားနိုင်သူလည်း ဖြစ်ပါတယ်။ ဝစ်ဇ်က မန်စီးတီး ကစားသမားတွေဖြစ်တဲ့ ဘာနာဒို ဆေးလ်ဗားနဲ့ ဒီဘရိုင်းတို့လိုမျိုးပါ ကစားနိုင်သူလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရာသီက လေဗာကူဆင်နဲ့ ဘွန်ဒက်စ်လီဂါဖလား ပိုကယ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့သလို ယူရို-၂၀၂၄ပြိုင်ပွဲမှာလည်း ဂျာမနီနဲ့အတူ တောက်ပခဲ့တဲ့ ဝစ်ဇ်ကို ဘိုင်ယန်မြူးနစ် မန်စီးတီး ရီးယဲလ်တို့ကပါ ခေါ်ယူချင်နေတာကြောင့် လာမယ့်နွေမှာ ဒီကစားသမားလေးရဲ့ အနာဂတ်က အပြောင်းအလဲ ဖြစ်လာနိုင်ပြီး လေဗာကူဆင်ကတော့ ဝစ်ဇ်အတွက် အနည်းဆုံး ပေါင်(၈၅)သန်းလောက် အလိုရှိနေပါတယ်။