MySport Myanmar

ဘရိုက်တန် ဘယ်နောက်ခံလူ ကူကူရယ်လာကို ခေါ်ယူသွားချင်နေတဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းရဲ့ နည်းပြ ပတ်ဂွာဒီယိုလာက အသင်းရဲ့ ဘယ်ခြမ်းခံစစ်နေရာအတွက် ဘရိုက်တန်အသင်းရဲ့ စပိန်ဘယ်နောက်ခံကစားသမား မတ်ကူကူရယ်လာကို လာမယ့်နွေစျေးကွက်ထဲမှာ ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိနေပြီး ပြောင်းရွှေ့ကြေး ပေါင်သန်း(၃၀)ဝန်းကျင်ခန့်လောက်နဲ့ ကမ်းလှမ်းမှုတွေ စတင်လုပ်ဆောင်ဖွယ် ရှိနေပါတယ်။

Photo Credit : Daily Mail

အသက်(၂၃)နှစ်အရွှယ်ရှိ စပိန်လက်ရွေးစင် ဘယ်နောက်ခံကစားသမား ကူကူရယ်လာဟာ ဘာစီလိုနာအသင်းရဲ့ လာမာစီယာ အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့သူဖြစ်ပြီး ဘာစီလိုနာ စီနီယာအသင်းမှာ နေရာမရလို့ အီဘာ ဂီတာဖေးအသင်းတို့ဆီ အငှားနဲ့ သွားရောက်ကစားရရင်းနဲ့ ၂၀၂ဝခုနှစ်မှာပဲ ဂီတာဖေးအသင်းဆီ အပြီးသတ် ပြောင်းရွှေ့သွားခဲ့ပါတယ်။ ဂီတာဖေးအသင်းမှာ (၂)ရာသီကြာ ဖြတ်သန်းခဲ့တဲ့ ကူကူရယ်လာဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ဘရိုက်တန်အသင်းဆီ (၅)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့ကာ အခုဆိုရင် ကူကူရယ်လာက ဘရိုက်တန်ရဲ့ အဓိက ကစားသမားတစ်ဦးပါ ဖြစ်နေခဲ့ရသလို သူ့ကိုလည်း ပရီးမီးယားလိဂ် ထိပ်သီးကလပ်အသင်းတွေကပါ စိတ်ဝင်စားလာခဲ့ပါတယ်။

Photo Credit : Daily Mail

ဘယ်နောက်ခံ နေရာမှာရော wide midfielder နေရာမှာအပြင် ဗဟိုခံစစ်နေရာအထိပါ ပါဝင်ကစားနိုင်သူဖြစ်တဲ့ ကူကူရယ်လာကို မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက သူရဲ့အသင်းဆီ ခေါ်ဆောင်သွားဖို့ပါ စိတ်ဝင်စားလာခဲ့ပြီး အာလင်းဟော်လန်းကို ခေါ်ယူပြီးနောက် ဒုတိယမြောက် ကစားသမားသစ် ခေါ်ယူမှုအဖြစ် ကူကူရယ်လာကို ထပ်မံခေါ်ယူဖို့ ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။ ဂွာဒီယိုလာဟာ အခုနှစ် ဘောလုံးရာသီအတွင်း အသင်းရဲ့ ဘယ်ခြမ်း ခံစစ်နေရာမှာ ကန်ဆယ်လိုနဲ့ ဇင်ချန်ကိုတို့ကို အသုံးပြုခဲ့ပေမယ့်လည်း ကန်ဆယ်လိုက ညာနောက်ခံလူတစ်ဦးသာ ဖြစ်နေတဲ့အပြင် တခြားသော ဘယ်နောက်ခံလူ ဘင်ဂျမင်မန်ဒီဟာလည်း လိင်အကြမ်းဖက်မှုကြောင့် အသင်းရဲ့ လူစာရင်းထဲကနေပါ ဖယ်ရှားထားတာဖြစ်လို့ စျေးကွက်အတွင်း ဘယ်နောက်ကစားသမားတစ်ဦးကို အလိုရှိနေတာ ဖြစ်ပါတယ်။ အခုလို ဘယ်နောက်ခံလူတစ်ဦး လိုအပ်နေတဲ့ မန်စီးတီးအသင်းဟာ အေစီမီလန်အသင်းရဲ့ ပြင်သစ်ဘယ်နောက်ခံလူ သီယိုဟာနန်ဒက်ဇ်ကို စိတ်ဝင်စားနေပေမယ့် ဟာနန်ဒက်ဇ်က မီလန်မှာသာ ဆက်လက်ရှိနေနိုင်တာကြောင့် စပိန် left-back ကစားသမား ကူကူရယ်လာကိုသာ အရခေါ်ယူဖွယ် ရှိနေပါတယ်။

Exit mobile version