MySport Myanmar

ဂရီးလစ်ရှ်ကို အပြီးသတ် ရောင်းဖို့ မလွယ်ရင် အငှားချသွားမယ့် မန်စီးတီး

မန်ချက်စတာ စီးတီးအသင်းဟာ ပေါင်သန်း(၅၀)တန်ကြေးရှိတဲ့ တိုက်စစ်ကစားသမား ဂျက် ဂရီးလစ်ရှ်ကို အပြီးသတ် ရောင်းထုတ်ဖို့ ခက်ခဲနေတာကြောင့် အငှားချဖို့အထိ စဉ်းစားနေရတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

၂၀၂၁ ခုနှစ်မှာ အက်စတွန်ဗီလာကနေ ပေါင်သန်း(၁၀၀)နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဂရီးလစ်ရှ်ဟာ လက်ရှိအချိန်မှာတော့ မန်စီးတီးကစားသမားဘဝအတွက် လမ်းဆုံလမ်းခွကို ရောက်ရှိနေပြီလို့ ပြောလို့ရပါတယ်။ အသက်(၂၈)နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူ့ရဲ့ လက်ရှိစာချုပ်က (၂)နှစ်ကျန်သေးပြီး တစ်ပတ်ကို ပေါင်(၃၀၀၀၀၀)လောက် ရရှိနေတာပါ။ ဒါပေမဲ့ သူ့ကို စိတ်ဝင်စားတဲ့ အသင်းတွေဆီကနေ တိကျတဲ့ ကမ်းလှမ်းမှုတွေ မရှိသေးတာကြောင့် မန်စီးတီးဟာ အငှားချဖို့ လမ်းကြောင်းကို စဉ်းစားနေရတယ်လို့ The Guardian က ဖော်ပြထားပါတယ်။

Photo Credit : BBC

လက်ရှိမှာ ပက်ပ် ဂွါဒီယိုလာရဲ့အသင်းဟာ မော်ရိုကိုချန်ပီယံ Wydad Casablanca နဲ့ ကစားရမယ့် ကလပ်ကမ္ဘာ့ဖလားပွဲအတွက် အမေရိကန်ကို ရောက်ရှိနေပါတယ်။ အဲဒီအသင်းနဲ့အတူ လိုက်ပါလာတဲ့ ကစားသမားစာရင်းမှာ ဂရီးလစ်ရှ်ကတော့ ပါဝင်လာခြင်းမရှိပါဘူး။

မန်စီးတီးဘက်ကတော့ ကစားသမားကို အတင်းအကျပ် ထွက်ခိုင်းနေတာမျိုး မရှိပေမယ့် ဆွေးနွေးမှုတွေအတွက်တော့ အမြဲတမ်း ပွင့်ပွင့်လင်းလင်းရှိနေတယ်လို့ ကလပ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒါပေမဲ့ ဂရီးလစ်ရှ်ရဲ့ တန်ကြေး ပေါင်သန်း(၅၀)ကိုတော့ လျှော့ချသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။

Photo Credit : ESPN

Daily Mail သတင်းစာရဲ့ ဖော်ပြချက်အရတော့ အက်စတွန် ဗီလာကို ပြန်သွားဖို့ကလည်း အလေးအနက် ဆွေးနွေးနေကြတဲ့ အကြောင်းအရာတစ်ခု ဖြစ်နေပါတယ်။ ဒါပေမဲ့ ဗီလာအသင်းအနေနဲ့ ဂရီးလစ်ရှ်ရဲ့ ကြီးမားတဲ့ လုပ်ခလစာကြောင့် အပြီးသတ် ခေါ်ယူဖို့က ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် အငှားစာချုပ်နဲ့သာ ဗီလာကို ပြန်ရောက်နိုင်ခြေရှိနေပြီး ဒီလိုဆိုရင်တော့ ဗီလာအသင်းအနေနဲ့ သူ့ရဲ့ လုပ်ခလစာအပြည့်ကို ပေးဆောင်စရာမလိုဘဲ အရင်က သူတို့ရဲ့ ကြယ်ပွင့်ကို ပြန်လည်ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။

တစ်ချိန်က စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ အားကိုးရတဲ့ ကစားသမားတစ်ယောက် ဖြစ်ခဲ့တဲ့ ဂရီးလစ်ရှ်ဟာ အခုတော့ ပုံမှန်ကစားခွင့်ရဖို့အတွက် အငှားထွက်ဖို့က အကောင်းဆုံးနည်းလမ်းဖြစ်လာနေပါတယ်။ ဗီလာပါ့ခ်ကို ပြန်ရောက်မလား ဒါမှမဟုတ် ပြည်ပလိဂ်တစ်ခုကို ရောက်သွားမလား ဆိုတာကတော့ စောင့်ကြည့်ရဦးမှာဖြစ်ပေမယ့် ဒီအင်္ဂလိပ်ကြယ်ပွင့်အတွက် အပြောင်းအလဲတစ်ခုတော့ လာတော့မယ်ဆိုတာကတော့ သေချာနေပါပြီ။

Exit mobile version