ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ မန်စီးတီးအသင်းကတော့ နွေစျေးကွက်အတွင်းမှာ အသင်းက ကစားသမားအထွက်တွေသာ ရှိလို့နေပြီး ကစားသမားအဝင်က တစ်ယောက်မှ မရှိသေးဘူးဆိုပေမယ့်လည်း လက်ရှိမန်စီးတီးရဲ့ လူအင်အားကတော့ တောင့်တင်းလို့နေဆဲပါပဲ။ မန်စီးတီးအသင်းက လက်ရှိမှာ တိုက်စစ်ပိုင်းကို မဖြစ်မနေ အင်အားဖြည့်တင်းဖို့ လိုအပ်နေတာဆိုပေမယ့် အသင်းနည်းပြ ဂွာဒီယိုလာက တိုက်စစ်မှူးစစ်စစ် မရှိရင်တောင် False 9 ပုံစံ ထားကစားတတ်တဲ့ နည်းပြမျိုးလည်း ဖြစ်လို့နေပါတယ်။ ဒါပေမယ့် ဘောလုံးရာသီတစ်ခုဆိုတဲ့ ခရီးရှည်ကြီးကို ဖြတ်သန်းရမယ်ဆိုရင် အောင်မြင်မှုတွေကို မျှော်မှန်းထားတဲ့ အသင်းတစ်သင်းအနေနဲ့ ဘက်ပေါင်းစုံမှာ အင်အားတောင့်တင်းဖို့က မဖြစ်မနေကို လိုအပ်နေမှာ အမှန်ပါ။

Photo Credit : Sky Sports

ဒီလို လိုအပ်ချက်ကို နွေစျေးကွက်မပိတ်သိမ်းခင်မှာ ဖြည့်တင်းသွားဖို့အတွက် မန်စီးတီးဘက်ကနေ အလိုရှိလာခဲ့တာက စပါးတိုက်စစ်မှူး ဟာရီကိန်းနဲ့ အက်စတွန်ဗီလာ တောင်ပံကစားသမား ဂျက်ဂရီးလစ်ရှ်တို့ပါ။ ယူရို-၂၀၂ဝပြိုင်ပွဲမှာ ဒုတိယဆုရခဲ့တဲ့ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ အသင်းဖော်(၂)ယောက်ကိုသာ မန်စီးတီးဘက်က ပစ်မှတ်ထားနေပြီး ဒီကစားသမား(၂)ယောက်လုံးဟာလည်း သူတို့တွေရဲ့ လက်ရှိတန်ကြေးတွေကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးရှင်တွေ ဖြစ်လာနိုင်မယ့် အလားအလာတွေ ရှိနေပါတယ်။ ဒါဆို ဒီကစားသမား(၂)ယောက်နဲ့ မန်စီးတီးအသင်းတို့ရဲ့ အခြေအနေက ဘယ်လိုအနေအထားထိ ရှိနေနိုင်မလဲ???

Photo Credit : Marca

မန်စီးတီးလို ဘောလုံးရာသီတိုင်းလိုလိုမှာ ဆုဖလားတိုင်းကို မျှော်မှန်းခွင့်ရှိတဲ့အသင်း ကမ္ဘာကျော် ဘောလုံးသမားတွေနဲ့ ကမ္ဘာ့အကောင်းဆုံး နည်းပြတစ်ဦး ကိုင်တွယ်နေတဲ့ အသင်းဆီကို ဘယ်ကစားသမားမဆို လာရောက်ကစားချင်ကြမှာ မြေကြီးလက်ခုပ်မလွဲပါ။ ဒါကြောင့် သူတို့ရဲ့ပစ်မှတ် ကိန်းက ဒီဘရိုင်းနားနဲ့ တွဲဖက်ကစားချင်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ဖူးသလို အခုလည်း သူ့ကို မန်စီးတီးဆီ ပြောင်းရွှေ့ခွင့်ပေးဖို့အတွက် စပါးအသင်းဘက်ကို တွန်အားပေးလို့ နေပါတယ်။ ဒါပေမယ့် ခက်တာကတော့ ကိန်းရဲ့ပြောင်းရွှေ့ကြေးနဲ့ စပါးဥက္ကဌလီဗီးပါ။ လီဗီးက တကယ့်ကို ညှိနှိုင်းရခက်တဲ့ အသင်းဥက္ကဌတစ်ယောက်ဖြစ်သလို မဖြစ်မနေ ကိန်းကို လက်လွတ်ရမယ်ဆိုရင်တော့ ပေါင်သန်း(၁၆၀)ကို တပြားမှ မလျှော့ပေးနိုင်ဘူးလို့ တင်းခံထားပါတယ်။ ဒီရက်ပိုင်းမှာပဲ ကိန်း စီးတီး စပါးတို့ရဲ့ (၃)ပွင့်ဆိုင် ဇာတ်လမ်းက အဖြေတစ်ခု ထွက်နိုင်ပါတယ်။

Photo Credit : Birmingham Mail

နောက်ထပ် ပစ်မှတ်ဖြစ်သူ ဂရီးလစ်ရှ်ကတော့ စီးတီးကို ပြောင်းရွှေ့မယ်ဆိုရင်လည်း ဖြစ်သလို ဗီလာမှာ ဆက်ပြီးကစားရမယ်ဆိုရင်လည်း အေးဆေးပဲဆိုတဲ့ ပုံစံမျိုး ရှိနေတဲ့သူပါ။ ဒါပေမယ့် လက်ရှိမှာ အရမ်းဟော့နေတဲ့ ကစားသမားဖြစ်နေတာကြောင့် ချန်ပီယံလိဂ်လို ပြိုင်ပွဲမျိုးတွေကိုလည်း ဝင်ရောက်ကစားချင်နေမှာဖြစ်သလို ဆုဖလားအောင်မြင်မှုတွေကိုလည်း လိုချင်နေမှာ သေချာပါတယ်။ ဗီလာဘက်ကလည်း ဂရီးလစ်ရှ်သာ လစ်သွားမယ်ဆိုရင် တခါတည်း အစားထိုးဖို့ လီယွန်ဘေလီကိုပါ သဘောတူညီမှု ရယူထားပြီးသားဖြစ်လို့ ကိန်းရဲ့အပြောင်းအရွှေ့ထက် ဂရီးလစ်ရှ် အခြေအနေက ဖြစ်နိုင်ခြေများနေရပါတယ်။

Photo Credit : Daily Express

မန်စီးတီးက နွေစျေးကွက်အတွင်း အဂွဲရိုးနဲ့ ဂါဆီယာတို့ကို ဘာစီလိုနာအသင်းဆီ အလွတ်တွေနဲ့ လက်လွတ်ထားခဲ့ရသလို အသင်းရဲ့လူငယ်တိုက်စစ်မှူးလေး အမ်မီချာကိုလည်း ဝုလ်ဖ်ဘတ်ဆီ ရောင်းချထားပြီး ဟာရီဆန်ကိုလည်း လိဒ်စ်ဆီ အပြီးသတ်ရောင်းချထားပါတယ်။ လက်ရှိမှာ ကိန်း ဂရီးလစ်ရှ်တို့အတွက် ပေါင်သန်း(၂၀၀)ကျော်လောက်အထိကို သုံးစွဲရဖွယ် ရှိနေတဲ့အတွက် နောက်ထပ်ကစားသမား ရောင်းချမှု ဒါမှမဟုတ် အလိုက်ပေး ကမ်းလှမ်းမှုတွေကတော့ ရှိလာနိုင်မယ်လို့ ထင်မိပါတယ်ခင်ဗျာ။