စပိန်လာလီဂါဘောလုံးပြိုင်ပွဲရဲ့ ဥက္ကဌဖြစ်သူ ဂျာဗီးယားတီဘက်စ်က ဘာစီလိုနာအသင်းရဲ့ အဓိကကြယ်ပွင့် ကစားသမား လီယွန်နယ်မက်ဆီကို ခေါ်ယူသွားချင်နေတဲ့ မန်စီးတီးအသင်းအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် အသင်းရဲ့စီးပွားရေး ကျဆင်းနေချိန်မှာပ မက်ဆီလို လုပ်ခလစာ အရမ်းကို မြင့်မားလွန်းတဲ့ ကစားသမားမျိုးကို ခေါ်ယူဖို့အတွက်ဆိုရင် ဘောလုံးအဖွဲ့အစည်းတွေကနေ ချမှတ်ထားတဲ့ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ရနိုင်တာဖြစ်လို့ တရားမဝင်တဲ့ နည်းလမ်းတွေ မပါဝင်ပဲ ခေါ်ယူဖို့ မဖြစ်နိုင်ဘူးလို့ သတိပေးပြောဆိုလိုက်ပါတယ်။

Photo Credit : Sky Sports

ဇွန်လ(၃၀)ရက်နေ့ကတည်းက ဘာစီလိုနာအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့ရတဲ့ အာဂျင်တီးနား တိုက်စစ်ကစားသမား မက်ဆီဟာ လက်ရှိမှာ Free Agent တစ်ယောက်ဖြစ်နေပေမယ့် အာဂျင်တီးနားအသင်းနဲ့ ကိုပါအမေရိကပြိုင်ပွဲကို ဆင်နွဲပြီးချိန် သူရဲ့အနာဂတ်ကို ဆုံးဖြတ်သွားဖွယ် ရှိနေပါတယ်။ လက်ရှိမှာ ဘာစီလိုနာအသင်းက ဘဏ္ဍာရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာဖြစ်လို့ မက်ဆီကို အသင်းမှာ ဆက်ထားရှိဖို့အတွက် ကစားသမားများစွာနဲ့ လမ်းခွဲရဖို့ လိုအပ်နေသလို မက်ဆီကိုယ်တိုင်ကလည်း စာချုပ်သစ် ချုပ်ဆိုတဲ့အခါမှာ လက်ရှိလစာထက် လျော့ယူရဖွယ် ရှိနေပါတယ်။

Photo Credit : The Guardian

ဒီလို မဖြစ်လာခဲ့လို့ မက်ဆီနဲ့ ဘာစီလိုနာတို့ လက်တွဲဖြုတ်ခဲ့ရင် သူ့ကို ခေါ်ယူဖို့ အသင့်စောင့်နေတဲ့ မန်စီးတီးအသင်းအနေနဲ့ မက်ဆီကို ခေါ်ယူမယ်ဆိုရင် သူရဲ့ယခင်လစာ ပမာဏအတိုင်း ပေးချေရမှာဖြစ်လို့ ဒီအသင်းတွေအနေနဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေကို ချိုးဖောက်ရနိုင်ခြေ ရှိနေတယ်လို့ လာလီဂါဥက္ကဌတီဘက်စ်က သတိပေးသွားခဲ့ပါတယ်။ ကိုဗစ်-၁၉ကြောင့် ဘောလုံးကလပ်အသင်းတိုင်း ဘဏ္ဍာရေးအခြေအနေ ထိခိုက်နေရချိန်မှာ မက်ဆီလို ကစားသမားမျိုးကို သူ ယခင်က ရရှိနေတဲ့ လုပ်ခလစာအတိုင်း ပေးချေသွားရမယ်ဆိုရင် အသင်းတွေရဲ့ ဘဏ္ဍာရေးဟန်ချက် ညီမျှနေတော့မဟုတ်တဲ့အတွက် တရားမဝင် နည်းလမ်းတွေကို သုံးလာရနိုင်တာဖြစ်ပါတယ်။ ယခင်ကတည်းက နည်းပြဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းကို ဘဏ္ဍာရေးကိစ္စတွေနဲ့ပတ်သက်ပြီး ဝေဖန်ခဲ့ဖူးသူဖြစ်တဲ့ တီဘက်စ်ကတော့ ကိုဗစ်ကြောင့် ယူရိုသန်း(၂၇၀)လောက် အရှုံးပေါ်ခဲ့ရတဲ့ မန်စီးတီးအသင်းအနေနဲ့ မက်ဆီကို ခေါ်ယူမယ်ဆိုရင် နိုင်ငံတကာအားကစားခုံရုံးနဲ့ ထပ်မံပတ်သက်ရမှုတွေ ရှိလာနိုင်တယ်လို့ သတိပေးသွားခဲ့ပါတယ်။ ဒီလို အခြေအနေတွေ ရှိနေရတဲ့ မက်ဆီအနေနဲ့ ဘာစီလိုနာမှာပဲ ဆက်ရှိနေနေ အသင်းပဲပြောင်းပြောင်း သူရဲ့လုပ်ခလစာကို အသင်းအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်နေအောင် ဆောင်ရွက်ပေးဖို့ လိုအပ်နေသလို သူ့ကို အလိုရှိနေတဲ့ အသင်းတွေအနေနဲ့ကလည်း မက်ဆီရဲ့လစာကို အမှန်တကယ် ပေးချေနိုင်မှသာ ကမ်းလှမ်းမှုတွေကို လုပ်ဆောင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။