MySport Myanmar

စတုတ္ထမြောက် ကစားသမားအဖြစ် ကမ်ဘီယာဆိုကို ခေါ်ယူဦးမယ့် မန်စီးတီး

မန်ချက်စတာ စီးတီးအသင်းကတော့ အခု ဆောင်းဈေးကွက်အတွင်းမှာ ကစားသမားသစ် (၃)ဦးကို ခေါ်ယူဖြည့်တင်းခဲ့ပြီးနောက် ကစားသမား ခေါ်ယူမှုကို ရပ်တန့်လိုက်ဖွယ် မရှိသေးဘဲ ဂျုဗင်တပ်စ်အသင်းက အီတလီ နောက်ခံအစွန်လူ အန်ဒရီယာ ကမ်ဘီယာဆိုကိုပါ ထပ်မံ ခေါ်ယူသွားဖို့ ရှိနေပြန်ပါတယ်။

မန်စီးတီးက ဇန်နဝါရီ ဈေးကွက်အတွင်းမှာပဲ ခံစစ်ပိုင်းအတွက် လန်းစ်က ဥဇဘက်ကစ္စတန် နောက်ခံလူ ခူဆာနော့ဗ်နဲ့ ပါလ်မီးရပ်စ်က ဗစ်တာ ရီးစ်တို့ကို ခေါ်ယူခဲ့သလို ဥရောပ ထိပ်တန်းအသင်းတိုင်းရဲ့ ပစ်မှတ်ဖြစ်တဲ့ ဖရန့်ဖတ်က အီဂျစ် တိုက်စစ်ကစားသမား အိုမာ မာမွတ်ရှ်ကိုပါ အရ ခေါ်ယူဖြည့်တင်းလိုက်နိုင်ပါတယ်။

Photo Credit : Football365

လက်ရှိမှာ မန်စီးတီးက ကစားသမားသစ် (၃)ဦးအတွက် ယူရို(၁၅၂)သန်းခန့်အထိ ရှိနေပြီ ဖြစ်ပေမယ့်လည်း အသင်းက အသင်းခေါင်းဆောင် ညာနောက်ခံကစားသမားကြီး ကိုင်း ဝေါ်လ်ကာက အေစီမီလန်အသင်းဆီ ပြောင်းရွှေ့တော့မှာဖြစ်လို့ ဝေါ်လ်ကာနေရာအတွက် နောက်ထပ် ကစားသမားတစ်ဦး ထပ်မံ ခေါ်ယူဖို့ ရှိနေပြန်ပါတယ်။

ခံစစ်အစွန်နေရာအတွက် ခူဆာနော့ဗ်ကို အသုံးပြုသွားဖို့ ရှိနေပေမယ့်လည်း ဂျုဗင်တပ်စ်က ဘယ်နောက်ခံလူ ကမ်ဘီယာဆိုကိုလည်း အလိုရှိနေပါတယ်။ အသက်(၂၄)နှစ်အရွယ် အီတလီ ကစားသမားဟာ ဘယ်ခြမ်းခံစစ်မှာသာမကဘဲ ညာနောက်ခံနေရာနဲ့ ကွင်းလယ်(၃)ယောက်တန်းရဲ့ ညာခြမ်းမှာပါ ကစားနိုင်သူလည်း ဖြစ်ပါတယ်။

Photo Credit : Jawa Pos

လက်ရှိမှာတော့ မန်စီးတီးက ကမ်ဘီယာဆိုအတွက် တရားဝင် ကမ်းလှမ်းမှုတစ်ရပ် လုပ်ဆောင်သွားဖို့ပါ ရှိနေပြီး ပြောင်းရွှေ့ကြေး ယူရို(၆၅)သန်းနဲ့ ကမ်းလှမ်းသွားဖို့လည်း ရှိနေပေမယ့် ဂျုဗင်တပ်စ်ဘက်ကတော့ သူတို့အတွက် အဓိက ကစားသမားတစ်ဦးကို ရောင်းချသွားဖို့ ဆန္ဒမရှိသလို ရောင်းချရမယ်ဆိုရင်လည်း ယူရိုသန်း(၈၀)လောက်အထိ အလိုရှိနေပါတယ်။

မန်စီးတီးဟာ ဂျုဗင်တပ်စ်က ကမ်ဘီယာဆိုကိုသာမကဘဲ ဒီနွေမှ ဗီလာကနေ ဂျုဗင်တပ်စ်ဆီ ပြောင်းရွှေ့ထားတဲ့ ဘရာဇီးလ် ကွင်းလယ်ကစားသမား ဒေါက်ကလပ်စ် ကော်စတာနဲ့ပါ အပြောင်းအရွှေ့ ကောလဟာလ သတင်းတွေလည်း ထွက်ပေါ်လျက် ရှိနေပါသေးတယ်။

Exit mobile version