မနေ့ညက ကျင်းပသွားခဲ့တဲ့ ဥရောပချန်ပီယံလိဂ် (၁၆)သင်းအဆင့် ရှုံးထွက်ပထမအကျော့ပွဲစဉ်မှာ ဧည့်သည်မန်စီးတီးအသင်းက ဘာနာဒိုဆေးဗား ဂါဘရီရယ်ဂျေဆူးတို့ရဲ့သွင်းဂိုးတွေနဲ့အတူ ဂျာမန်ကလပ် မိုချန်ဂလာဘတ်အသင်းကို (၂)ဂိုး ဂိုးမရှိနဲ့ အနိုင်ရယူခဲ့တာကြောင့် နောက်တစ်ဆင့်ကို တတ်လှမ်းနိုင်ဖို့က အခြေအနေအကောင်းဆုံး ဖြစ်သွားခဲ့ရသလို အခုလို အဝေးကွင်းမှာ နိုင်ပွဲရယူခဲ့တာကြောင့် အဝေးကွင်းပွဲ ဆက်တိုက်အနိုင်ရတဲ့ စံချိန်ကောင်းတစ်ခုကိုပါ ပိုင်ဆိုင်သွားခဲ့ရပါတယ်။

Photo Credit : Twitter

ယခင်တုန်းက အင်္ဂလိပ်ကလပ်အသင်းတွေထဲမှာ ပြိုင်ပွဲစုံအဝေးကွင်းပွဲတွေ ဆက်တိုက်အနိုင်ယူခဲ့တဲ့ အသင်းတစ်သင်း ရှိခဲ့ဖူးပြီး ဒီအသင်းကလည်း မန်စီးတီးအသင်းပဲဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ၂၀၁ရခုနှစ်တုန်းက ပြိုင်ပွဲစုံ(၁၁)ပွဲအထိကို ဆက်တိုက်အနိုင်ယူခဲ့တာဖြစ်ပြီး အခုတော့ ဒီစံချိန်ဟောင်းကို သူတို့အသင်းကပဲ ပြန်လည်ရိုက်ချိုးနိုင်ခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ လက်ရှိအချိန်မှာ ပြိုင်ပွဲစုံ အဝေးကွင်း(၁၂)ပွဲဆက်တိုက်ကို အနိုင်ရယူခဲ့တဲ့ အင်္ဂလိပ်ကလပ်အသင်းအဖြစ် စံချိန်သစ်တစ်ခုကို ရေးထိုးသွားနိုင်ခဲ့ပါတယ်။

Photo Credit : Twitter

မန်စီးတီးအသင်းဟာ လက်ရှိမှာ ရလဒ်တွေ အတော်လေးကို ကောင်းမွန်လို့နေပြီး ပရီးမီးယားလိဂ်မှာဆိုရင်လည်း အမှတ်ပေးဇယားထိပ်ကို ပြန်လည်တတ်လှမ်းလာခဲ့တဲ့အပြင် အဆင့်(၂)က မန်ချက်စတာယူနိုက်တက်နဲ့ အဆင့်(၃)နေရာက လက်စတာအသင်းတို့ကိုပါ ရမှတ်(၁၀)စီ ဖြတ်တောက်ထားပြီး ပြတ်ပြတ်သားသားနဲ့ကို ဦးဆောင်နေတာဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်းရှုံးထွက်ဖလားတစ်ခုဖြစ်တဲ့ ခါရာဘောင်းလိဂ်ဖလားပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲကို တတ်လှမ်းထားခဲ့ပြီး မော်ရင်ဟိုရဲ့စပါးအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အက်အေဖလားပြိုင်ပွဲမှာလည်း ကွာတားဖိုင်နယ်ကို တတ်လှမ်းထားခဲ့ကာ အဲဗာတန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ပြည်တွင်းပြိုင်ပွဲအစုံမှာ အခြေအနေကောင်းလို့နေတဲ့ မန်စီးတီးအသင်းဟာ သူတို့အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ ချန်ပီယံလိဂ်မှာလည်း ကွာတားဖိုင်နယ်အဆင့်ကို တတ်လှမ်းနိုင်ဖို့ အခြေအနေကောင်းသွားခဲ့ပြီဖြစ်ပေမယ့် အရင်နှစ်တွေကလို ခြေမချော်သွားဖို့ကိုတော့ အထူးသတိထားရမှာဖြစ်ပါတယ်။ ဒီတစ်ပတ် Weekend မှာတော့ မန်စီးတီးအသင်းဟာ ခြေစွမ်းပိုင်း တိုးတတ်ကောင်းမွန်လို့နေတဲ့ ဝက်စ်ဟမ်းယူနိုက်တက်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၆)အဖြစ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး လက်စတာက အာဆင်နယ်နဲ့ ဆုံတွေ့နေသလို ချယ်လ်ဆီးနဲ့ ယူနိုက်တက်တို့ကလည်း ထိပ်တိုက်တွေ့နေတာဖြစ်လို့ မန်စီးတီးတို့ အမှတ်ပိုဖြတ်တောက်နိုင်ဖို့ အခြေအနေကောင်းလို့နေပါတယ်။