မန်ချက်စတာ စီးတီးအသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ ဂျီရိုနာအသင်းရဲ့ တိုက်စစ်ကစားသမား ဆာဗီယိုကို ခေါ်ယူသွားဖို့အတွက် သဘောတူညီမှု ရရှိသွားခဲ့ပြီလို့ နာမည်ကြီး ဘောလုံးသတင်းထောက် ဖာဘရီဇီယို ရိုမာနိုကနေ သတင်းဖော်ပြထားခဲ့ပါတယ်။

ဆာဗီယိုဟာ အသက် (၁၉)နှစ်သာ ရှိနေသေးတဲ့ ဆယ်ကျော်သက်အရွယ် ဘရာဇီးလ် တိုက်စစ်မှူးလေးဖြစ်ပြီး သူ့ကို City Football Group ရဲ့ ဘောလုံးအသင်းတစ်သင်းဖြစ်တဲ့ ပြင်သစ်ကလပ် ထရွိုင်စ်အသင်းက ပိုင်ဆိုင်ထားတာဖြစ်ကာ ဒီရာသီမှာပဲ နောက်ထပ် City Football Group အသင်း ဂျီရိုနာအသင်းဆီ အငှားချထားတာလည်း ဖြစ်ပါတယ်။

Photo Credit : Marca

ဘယ်တောင်ပံ တိုက်စစ်ကစားသမားလေး ဆာဗီယိုဟာ ဒီရာသီမှာ ဂျီရိုနာအသင်းအတွက် အတော်လေးကို ခြေစွမ်းပြသနေသူဖြစ်ပြီး ပြိုင်ပွဲစုံ (၂၇)ပွဲကစားထားပြီးချိန်မှာလည်း သွင်းဂိုး (၇)ဂိုး သွင်းယူထားသလို (၇)ဂိုးအထိ ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

ဒီလို စွမ်းဆောင်ရည်တွေကြောင့်ပဲ သူ့ကို ဘာစီလိုနာ အပါအဝင် ဥရောပ ကလပ်အသင်းတွေ အများအပြားက စိတ်ဝင်စားလာခဲ့ပေမယ့် City Football Group ရဲ့ အဓိကခေါင်အသင်းဖြစ်တဲ့ မန်စီးတီးအသင်းက ဆာဗီယို အပြောင်းအရွှေ့ကို ခပ်သွက်သွက် လှုပ်ရှားခဲ့ရင်း ကျန်တဲ့ အသင်းတွေကိုပါ နောက်ကောက်ချလိုက်နိုင်ပါတယ်။

Photo Credit : Caught Offside

အခုတော့ ရိုမာနိုရဲ့ သတင်းဖော်ပြချက်အရ မန်စီးတီးအသင်းဟာ ဆာဗီယိုကို လာမယ့်နွေမှာ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပြီး ဆာဗီယိုအနေနဲ့ကလည်း အမြောက်အများ ရရှိလာတဲ့ ကမ်းလှမ်းမှုတွေထဲကမှ မန်စီးတီးရဲ့ ကမ်းလှမ်းမှုကိုသာ ဦးစားပေး ရွေးချယ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

လာမယ့် ရက်ပိုင်းအတွင်း ဒီအပြောင်းအရွှေ့နဲ့ ပတ်သက်တဲ့ လက်မှတ်ရေးထိုးမှုတွေ လုပ်ဆောင်သွားဖို့ ရှိနေပြီး ဆာဗီယိုကတော့ မန်စီးတီးအသင်းဆီ မပြောင်းရွှေ့ခင် ဂျီရိုနာအသင်းအတွက် ရာနှုန်းပြည့် အာရုံစိုက်ပေးသွားမှာ ဖြစ်သလို အသင်းကိုလည်း ရာသီကုန်မှာ အကောင်းဆုံး အဆင့်ရပ်တည်မှု တစ်ခု ရရှိအောင် သေချာပေါက် စွမ်းဆောင်ပေးသွားဖို့လည်း ရှိနေပါတယ်။