ပြီးခဲ့တဲ့ရက်ပိုင်းကပဲ မန်စီးတီးအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ရာဟင်စတာလင်က သူအနေနဲ့ ပုံမှန်ပွဲကစားခွင့်တွေကို အလိုရှိနေပြီး အဲ့ဒီလို အခွင့်အရေးမျိုးကို ပေးနို်င်မယ့် ကလပ်အသင်းတွေ ပေါ်လာခဲ့မယ်ဆိုရင်တော့ အသင်းပြောင်းရွှေ့ဖို့ ဆွေးနွေးလာမိ်မယ်ဆိုပြီး ထုတ်ဖော်ပြောဆိုထားခဲ့တဲ့အပေါ် မန်စီးတီးအသင်းနည်းပြ ပတ်ဂွာဒီယိုလာက အသင်းမှာရှိ်တဲ့ ဘယ်ကစားသမားရဲ့ ပွဲကစားခွင့်ကိုမှ သူ့ဘက်ကနေ အာမခံမပေးနိုင်ကြောင်း ပြန်လည်တုံ့ပြန် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၆)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် ကစားသမား စတာလင်ဟာ ၂၀၁၅ခုနှစ်ကတည်းက မန်စီးတီးအသင်းဆီကို ရောက်ရှိနေတာဖြစ်ပြီး အသင်းနဲ့အတူ ဆုဖလားအောင်မြင်မှုတွေ တစ်ဦးချင်း အောင်မြင်မှုတွေများစွာ ရယူထားနိုင်ခဲ့ပေမယ့်လည်း နောက်ပိုင်းပွဲစဉ်တွေမှာ နည်းပြဂွာဒီယုုိလာရဲ့ နေရာပေးမှုတွေ သိပ်မရလာခဲ့တာကြောင့် စတာလင်အနေနဲ့ အသင်းပြောင်းချင်လာပြီး စတာလင်ကိုလည်း ကလပ်အသင်းများစွာကနေ စိတ်ဝင်စားလျက် ရှိနေပါတယ်။ ဒီလို အခြေအနေမျိုးမှာ စတာလင်ကိုယ်တိုင် အသင်းပြောင်းဖို့ အစီအစဉ်ရှိကြောင်းနဲ့ ပြည်ပမှာ ထွက်ကစားဖို့ ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့တဲ့အပေါ် ဂွာဒီယိုလာက ပြန်လည်တုံ့ပြန်လာခဲ့ပါတယ်။

Photo Credit : Daily Mail

စတာလင်နဲ့ပတ်သက်ပြီး ဂွာဒီယိုလာက “သူ အသင်းပြောင်းဖို့အတွက် ကြိုးစားနေတာလားဆိုတာကို ကျွန်တော် မသိ်ပါဘူး။ ကလပ်အသင်းဘက်ကလည်း သိလိမ့်မယ် မထင်ဘူး။ ရာဟင်က ကျွန်တော်တို့ရဲ့ ကစားသမားတစ်ဦးပါ။ သူက ကျွန်တော်တို့အတွက် အရေးပါလှတဲ့ ကစားသမားတစ်ယောက် ဖြစ်နေဖို့ကိုပဲ မျှော်လင့်ထားပါ။ သူ ပိုပြီး ကစားချင်နေလားဆိုတာကို ကျွန်တော် မသိဘူး။ ရီယဒ်(မာရက်ဇ်)ဆိုလည်း ပွဲကစားခွင့် သိပ်မရဘူး။ ဒါပေမယ့် သူ ဒါကို မညည်းညူနေဘူး။ ဂျောင်(ကန်ဆယ်လို)ဆိုရင်လည်း ဒီအတို်င်းပဲလေ။ သူတို့ကိုတော့ ပွဲကစားချိန်နဲ့ပတ်သက်ပြီး အာမမခံနိုင်ဘူး။ တစ်ယောက်နဲ့တစ်ယောက် မိနစ်ဘယ်လောက်ထိ ပါဝင်ကစားခွင့် ရရှိမလဲဆိုတာကိုလည်း ကျွန်တော် သေချာပေါက် မပြောထားနိုင်ဘူး။ ရာဟင် အပါအဝင် ကစားသမားတိုင်းက ကွင်းအတွင်းမှာ စကားပြောဖို့ ပိုလိုအပ်တယ်။ ကစားသမားအားလုံးဆီကနေ ကျွန်တော်ဖြစ်စေချင်တာကတော့ ဒီမှာရှိနေရတာကို စိတ်ကျေနပ်ရတဲ့ ခံစားချက်မျိုး ဖြစ်နေတာမျိုးပါ။ ဒီလိုမှ မဟုတ်ရင်တော့ ကစားသမားအနေနဲ့ သူ့မိသားစုအတွက်ကိုပဲ အကောင်းဆုံး ဆုံးဖြတ်ချက်တစ်ခုကို ချရလိမ့်မယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ကစားသမားတစ်ဦး ဖြစ်ခဲ့တာမို့ သူတို့တွေ အမြဲတမ်း ကစားခွင့်ရချင်တဲ့အပေါ်မှာ အပြည့်အဝ နားလည်နိုင်တယ်။ ဒါပေမယ့်လည်း အာမခံချက်ကိုတော့ မပေးနိုင်ဘူးလေ။ သူတို့အနေနဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေမှာ အကောင်းဆုံး တိုးတတ်အောင် လုပ်ဆောင်နိုင်မယ် ဒီအတိုင်းလည်း ကွင်းထဲမှာ လုပ်ဆောင်နိုင်ဖို့သာ လိုအပ်တာပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။