မန်စီးတီးအသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ကစားသမားဟောင်းကြီးဖြစ်တဲ့ ယာယာတိုရေးဟာ လာမယ့်ရက်ပိုင်းအတွင်းမှာ ကျင်းပပြုလုပ်သွားတော့မယ့် Soccer Aid ရန်ပုံငွေဘောလုံးပြိုင်ပွဲမှာ ဝင်ရောက်ကူညီပေးသွားတော့မှာဖြစ်ပြီး World XI အသင်းဘက်ကနေ ပါဝင်ကစားပေးမှာဖြစ်ပါတယ်။ ဒါပေမယ့် ပြိုင်ပွဲမစတင်ခင်မှာ သူနဲ့ တွဲဖက်ကစားကြမယ့် ကမ္ဘာကျော်ဘောလုံးသမားတွေအတွက် အပျော်မယ်များစွာကို ခေါ်ဆောင်ပေးခဲ့ပြီး သူကိုယ်တိုင်ပါ အပျော်မယ်တစ်ဦးနဲ့ ပျော်ပါးခဲ့တာကြောင့် Soccer Aid ကနေ တိုရေးကို အသင်းကနေ ထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်။

Photo Credit : Telegraph

အသက်(၃၇)နှစ်အရွှယ်ရှိ အိုင်ဗရီကို့စ်လက်ရွေးစင်ဟောင်း ကွင်းလယ်ကစားသမားကြီး ယာယာတိုရေးဟာ အင်္ဂလန်နိုင်ငံမြောက်ပိုင်းက Five Stars အဆင့်ရှိ ဟိုတယ်ကြီးတစ်ခုမှာ သူနဲ့ World XI အသင်းဖော်တွေ အတူတည်းခိုနေစဉ်အတွင်း အသင်းဖော်တွေကို ပျော်ရွှင်စေဖို့အတွက် အပျော်မယ်ပေါင်း (၁၉)ယောက်အထိကို ခေါ်ဆောင်လာခဲ့ပြီး သူကိုယ်တိုင်ကပါ ရေချိုးခန်းအတွင်း ဝတ်လစ်စလစ်ဖြစ်နေတဲ့ အပျော်မယ်တစ်ဦးနဲ့ ဓါတ်ပုံရိုက်ပြီး World XI အသင်းသားတွေ အသုံးပြုနေတဲ့ WhatsApp Group Chat ထဲကို ပို့ဆောင်ထားခဲ့သေးတယ်လို့ သိရှိရပါတယ်။

Photo Credit : Mondialsports

Soccer Aid အဖွဲ့အစည်းဟာ Unicef နဲ့ ပူးပေါင်းပြီး နှစ်စဉ်နှစ်တိုင်းမှာ ရန်ပုံငွေဘောလုံးပွဲတွေကို ကျင်းပလေ့ရှိပြီး ဒီပွဲတွေကနေ ရရှိလာတဲ့ ငွေကြေးတွေကို တစ်ကမ္ဘာလုံးမှာရှိနေတဲ့ အကူအညီလိုအပ်နေတဲ့ ကလေးသူငယ်များအတွက် ပြန်လည်အသုံးပြုတာဖြစ်ပါတယ်။ ဒီလိုပွဲမျိုးမှာ ပါဝင်ဆင်နွဲပေးမယ့် ကမ္ဘာကျော်ဘောလုံးသမားတစ်ဦးက အခုလို မလျော်ကန်တဲ့ လုပ်ရက်တွေကို ကိုယ်တိုင်ကိုယ်ကျရော အခြားအသင်းဖော်တွေအတွက်ပါ စီစဉ်လာခဲ့တဲ့အတွက် Soccer Aid ရဲ့တာဝန်ရှိသူတွေက ယာယာတိုရေးကို အသင်းကနေ ထုတ်ပယ်လိုက်ပြီး ရှေ့လာမယ့်ပွဲစဉ်တွေမှာလည်း ထည့်သွင်းသွားတော့မှာ မဟုတ်ဘူးလို့ သိရှိရပါတယ်။ ကလေး(၃)ယောက်ရဲ့ဖခင်ဖြစ်သူ ယာယာတိုရေးကတော့ သူရဲ့မစဉ်းစား မဆင်ခြင်ခဲ့တဲ့ လုပ်ရက်အတွက် တာဝန်ရှိသူများကို အနူးအညွှတ်တောင်းပန်သွားခဲ့ပေမယ့် သူရဲ့လုပ်ရက်ကတော့ သူရဲ့ဇနီးနဲ့ သားသမီးတွေအတွက်ပါ အရှက်စရာဖြစ်သွားစေခဲ့တာတော့ သေချာနေပါတယ်။ ဒီလို မသင့်လျော်တဲ့ လုပ်ရက်တွေ လုပ်ဆောင်ခဲ့တဲ့ ယာယာတိုရေးဟာ ဘာစီလိုနာ မန်စီးတီးအသင်းတို့နဲ့ အောင်မြင်မှုများစွာကို ပိုင်ဆိုင်ခဲ့တဲ့ ဝါရင့်ကစားသမားကြီးတစ်ယောက်ဖြစ်ပြီး ဘောလုံးသမားဘဝကနေ အနားယူတော့မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း အခုချိန်ထိ ဘောလုံးသမားဘဝကနေ ကျောခိုင်းခြင်းမရှိသေးပဲ အသင်းသစ်တစ်သင်းကို ရှာဖွေလျက်ရှိနေပါတယ်။