မန်ချက်စတာ စီးတီးအသင်းဟာ လက်ရှိမှာ ကလပ်အသင်းလက်မဲ့ ဖြစ်နေရတဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း ပြင်သစ် ကွင်းလယ်လူ ပေါလ် ပေါ့ဘာကို ဆောင်းဈေးကွက်အတွင်းမှာပဲ ခေါ်ယူသွားဖို့ အံ့အားသင့်ဖွယ် စိတ်ဝင်စားလျက် ရှိနေတယ်လို့ The Independent သတင်းဌာနကနေ ဖော်ပြလာခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ဒီရာသီမှာ အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ဘာလွန်းဒေါဆုရှင် စပိန် ကွင်းလယ်လူ ရိုဒရီကို သူရဲ့ ACL ဒဏ်ရာဆိုးကြီးကြောင့် ရာသီကုန်အထိ လက်လွတ်ထားခဲ့ရသလို အသင်းမှာလည်း ကစားသမား အများအပြားက မကြာခဏ ဆိုသလို ဒဏ်ရာ ပြဿနာတွေနဲ့ ကြုံတွေ့နေရပါတယ်။
Photo Credit : Transfermarket
မန်စီးတီးရဲ့ အဓိက ပြဿနာတွေထဲက တစ်ခုကတော့ ကွင်းလယ်ပိုင်းဖြစ်ပြီး နံပါတ်(၆)နေရာအတွက် ဇူဘီမန်ဒီနဲ့ အတ္တလန်တာက အက်ဒါဆင်တို့လို ကစားသမားတွေကို ဇန်နဝါရီမှာ ခေါ်ယူ ဖြည့်တင်းသွားဖို့ ရှိနေသလို မြို့ခံပြိုင်ဘက် ယူနိုက်တက်က ကစားသမားဟောင်း ပေါ့ဘာကိုပါ စိတ်ဝင်စားလို့နေပါတယ်။
အသက် (၃၁)နှစ်အရွယ် ရှိပြီဖြစ်တဲ့ ကွင်းလယ်ကစားသမား ပေါ့ဘာဟာ တားမြစ်ဆေး သုံးစွဲခဲ့မှုကြောင့် ဘောလုံးကစားခြင်းကနေ (၄)နှစ်အထိ ပွဲပယ်ခံခဲ့ရပေမယ့် ဒီပြစ်ဒဏ်အပေါ် အယူခံအောင်မြင်ခဲ့မှုရာ (၄)နှစ်ကနေ (၁၈)လအထိ ပွဲပယ်ပြစ်ဒဏ်ကို လျော့ချခံလိုက်ရပြီး လာမယ့် ၂၀၂၅ မတ်လမှာပဲ ဘောလုံးပြန်ကစားနိုင်တော့မှာ ဖြစ်ပါတယ်။
Photo Credit : Football Transfer
ဒီလို အခြေအနေ ရှိနေတဲ့ ပေါ့ဘာကို ဂျုဗင်တပ်စ်ဘက်က အသင်းမှာ ဆက်သုံးသွားဖို့ထက် စာချုပ်ဖျက်သိမ်းဖို့ကိုသာ လုပ်ဆောင်ခဲ့ရာ ပြီးခဲ့တဲ့လ (၁၅)ရက်နေ့မှာပဲ ပေါ့ဘာနဲ့ ဂျုဗင်တပ်စ်အသင်းတို့က နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းဖြစ်ပြီး ပေါ့ဘာကလည်း တရားဝင် free agent player ဖြစ်လာခဲ့ရပါတယ်။
ပေါ့ဘာလို ကမ္ဘာ့ဖလားဆုရှင် ပရီးမီးယားလိဂ် အတွေ့အကြုံကောင်းတွေပါ ပိုင်ဆိုင်ထားသူ ကစားသမားကို မန်စီးတီးက ခေါ်ယူသွားချင်နေပြီး ပေါ့ဘာကလည်း ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ တစ်ကျော့ပြန်သွားဖို့ စိတ်ဝင်စားနေတာမို့ ဒီအပြောင်းအရွှေ့က ဖြစ်ပေါ်လာနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေသလို ပေါ့ဘာနဲ့ လီဂူးကလပ် မာဆေးလ်အသင်းတို့ရဲ့ အပြောင်းအရွှေ့ဟာလည်း စောင့်ကြည့်သွားရဖွယ် ရှိနိုင်ပါတယ်။