MySport Myanmar

ချန်ပီယံလိဂ်ဖလားဆုရှင် ပီအက်စ်ဂျီ ဂိုးသမား ဒွန်နာရမ်မာကို မန်စီးတီး ချိန်ရွယ်

မန်ချက်စတာ စီးတီးအသင်းဟာ ဒီနွေရာသီမှာ ပီအက်စ်ဂျီအသင်းရဲ့ အီတလီ လက်ရွေးစင် ဂိုးသမား ဂျန်လွီဂျီ ဒွန်နာရမ်မာကို ခေါ်ယူဖို့ စတင် ချိတ်ဆက်မှုတွေ ပြုလုပ်နေကြောင်း နာမည်ကြီး အားကစားသတင်းထောက် ဂျန်လူကာ ဒီမာဇီယိုက ဖော်ပြလိုက်ပါတယ်။

အသက်(၂၆)နှစ်အရွယ် ဒွန်နာရမ်မာဟာ ပီအက်စ်ဂျီအသင်းနဲ့အတူ အင်တာမီလန်ကို အနိုင်ယူပြီး ဥရောပ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးခဲ့ပြီးနောက်ပိုင်းမှာပဲ သူ့ရဲ့ ပါ့ခ်ဒက်စ်ပရင့်စ်ကွင်းက အနာဂတ်နဲ့ ပတ်သက်ပြီး မသေချာမရေရာတဲ့ မှတ်ချက်တွေ ပြုလုပ်ခဲ့ရာကနေ အခုလို မန်စီးတီးရဲ့ စိတ်ဝင်စားမှုသတင်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Photo Credit : The Football Faintful

မန်စီးတီးနည်းပြ ပက်ပ် ဂွါဒီယိုလာဟာ အေစီမီလန် ဂိုးသမားဟောင်း ဒွန်နာရမ်မာရဲ့ ပရိသတ်တစ်ဦးဖြစ်တယ်လို့ သိရပြီး လက်ရှိမှာ ပီအက်စ်ဂျီနဲ့ စာချုပ်သစ် ချုပ်ဆိုထားခြင်း မရှိသေးတာကြောင့် အင်္ဂလန်အနောက်မြောက်ပိုင်းကလပ် မန်စီးတီးဆီ ပြောင်းရွှေ့ဖို့က ဒီဂိုးသမားအတွက် ဖြစ်နိုင်ခြေရှိတဲ့ လမ်းကြောင်းတစ်ခု ဖြစ်လာနေပါတယ်။

ဒါပေမဲ့လည်း ဥရောပ ချန်ပီယံလိဂ်ဆုရှင် ပီအက်စ်ဂျီအသင်းကတော့ အသင်းရဲ့ အဓိက ကစားသမား ဒွန်နာရမ်မာကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ မျှော်လင့်နေပြီး စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေကိုလည်း စတင်ဖွင့်လှစ်ထားပြီ ဖြစ်ပါတယ်။

Photo Credit : Get French Football News

အီတလီဂိုးသမားရဲ့ ပီအက်စ်ဂျီနဲ့ လက်ရှိစာချုပ်သက်တမ်းဟာ ၂၀၂၆ ခုနှစ်မှာ ကုန်ဆုံးမှာပဲ ဖြစ်ပါတယ်။ ဒွန်နာရမ်မာရဲ့ အေးဂျင့်နဲ့ ပီအက်စ်ဂျီအသင်းရဲ့ အားကစားဒါရိုက်တာ လူးဝစ် ကမ်ပို့စ်တို့ကြား စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေဟာ လွန်ခဲ့တဲ့ တစ်လကျော်ကတည်းက စတင်ခဲ့ပေမယ့် ရာသီကုန်အထိ ခေတ္တရပ်ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။

လီဂူး-၁ ချန်ပီယံ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း တိုးဖို့အတွက် ဒွန်နာရမ်မာဘက်က ဘယ်လိုအချက်တွေ တောင်းဆိုထားတယ် ဆိုတာကို ကလပ်အသင်းဘက်က ရှင်းရှင်းလင်းလင်း သိရှိထားပြီးဖြစ်ပါတယ်။ တကယ်လို့ ဒီတောင်းဆိုချက်တွေကို ပီအက်စ်ဂျီက မလိုက်လျောနိုင်ခဲ့ဘူးဆိုရင်တော့ ဒွန်နာရမ်မာတစ်ယောက် အသင်းကနေ ထွက်ခွာသွားဖို့က ဖြစ်နိုင်ခြေအများဆုံး အခြေအနေ ဖြစ်လာနိုင်ကြောင်း သုံးသပ်နေကြပါတယ်။

Exit mobile version