MySport Myanmar

ချန်ပီယံလိဂ် ကစားသမားစာရင်းထဲ ရိုဒရီကိုပါ ထည့်သွင်းထားတဲ့ မန်စီးတီး

မန်ချက်စတာ စီးတီးအသင်းဟာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ပွဲစဉ်များအတွက် အသင်းရဲ့ List A ကစားသမားစာရင်းကို ထုတ်ပြန်ခဲ့ရာမှာ ACL injury ဒဏ်ရာဆိုးကြီးကြောင့် စက်တင်ဘာလကတည်းက အနားယူနေရတဲ့ ကွင်းလယ်ကစားသမား ရိုဒရီကို အံ့အားသင့်ဖွယ် ထည့်သွင်းသွားခဲ့ပါတယ်။

အသက်(၂၈)နှစ်အရွယ် စပိန်လက်ရွေးစင် ကွင်းလယ်လူ ရိုဒရီဟာ မန်စီးတီးရဲ့ အရေးအပါဆုံး ကစားသမားတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၄ စက်တင်ဘာလတုန်းက အာဆင်နယ်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း ဘောလုံးသမားတိုင်းအတွက် အိမ်မက်ဆိုးကြီးဖြစ်တဲ့ ACL ထိသွားခဲ့တာကြောင့် ကာလရှည်ကြာ အနားယူနေရတာ ဖြစ်ပါတယ်။

Photo Credit : Sky Sports

ရိုဒရီဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲတုန်းက စပိန်အသင်းကို ယူရိုချန်ပီယံ ဖြစ်လာအောင် အဓိကနေရာကနေ စွမ်းဆောင်ပေးခဲ့သလို မန်စီးတီးကိုလည်း ပရီးမီးယားလိဂ်သမိုင်းမှာ ဘယ်အသင်းမှ မစွမ်းဆောင်ခဲ့ဖူးတဲ့ (၄)ရာသီဆက် အမှတ်ပေးချန်ပီယံ ဖြစ်လာအောင်လည်း အရေးကြီးတဲ့နေရာက စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ဒါကြောင့်လည်း ရိုဒရီဟာ ရီးယဲလ် မက်ဒရစ်ရဲ့ ဘရာဇီးလ်ကြယ်ပွင့် တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်ကို ကျော်ဖြတ်ပြီး ၂၀၂၄ ဘာလွန်းဒေါဆုကိုလည်း ပိုင်ဆိုင်ခဲ့ရသလို အခုလည်း အသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ရှုံးထွက်အဆင့် ပွဲစဉ်များအတွက် ကစားသမားစာရင်းမှာပါ ထည့်သွင်းခံလာရပါတယ်။

Photo Credit : Football365

ရိုဒရီအနေနဲ့ လာမယ့် ဧပြီလလောက်မှပဲ ဒဏ်ရာကနေ သက်သာလာဖွယ် ရှိနေပေမယ့်လည်း အသင်းဘက်ကတော့ သူ့ကို ယုံယုံကြည်ကြည်နဲ့ ချန်ပီယံလိဂ် ကစားသမားစာရင်းမှာ ရွေးချယ်သွားခဲ့ပါတယ်။ ဒါ့အပြင် ဆောင်းဈေးကွက်တုန်းက ခေါ်ယူခဲ့တဲ့ ကစားသမားသစ် (၄)ဦးထဲမှ ကစားသမား(၃)ဦးကိုလည်း ချန်ပီယံလိဂ် ကစားသမားစာရင်းထဲ ထည့်သွင်းခဲ့ပါသေးတယ်။

ဒီကစားသမားတွေကတော့ ဖရန့်ဖတ်ကနေ ခေါ်ယူခဲ့တဲ့ တိုက်စစ်ကစားသမား အိုမာ မာမွတ်ရှ်၊ လန်းစ်ကနေ ခေါ်ယူထားတဲ့ နောက်ခံကစားသမားလေး ခူဆာနော့ဗ်နဲ့ ပေါ်တိုကနေ ခေါ်ယူလိုက်တဲ့ ကွင်းလယ်လူ နီကိုး ဂွန်ဇာလက်ဇ်တို့ (၃)ဦးလုံးကို ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ကစားသမားစာရင်းထဲ ထည့်သွင်းခဲ့ပြီး ဘရာဇီးလ် နောက်ခံလူလေး ဗစ်တာ ရိုက်စ်ကိုတော့ ချန်လှပ်သွားခဲ့ပါတယ်။

Exit mobile version