မန်စီးတီးအသင်းရဲ့ စပိန်လူငယ် တိုက်စစ်ကစားသမားလေး ဖယ်ရန်တောရက်စ်ဟာ သူရဲ့လက်ရွေးစင်အသင်းနဲ့အတူ UEFA Nations League ပွဲစဉ်တွေကို ဝင်ရောက်ဆင်နွဲနေစဉ်အတွင်း ခြေထောက်ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် မန်စီးတီးအသင်းရဲ့ ပွဲစဉ်တချို့ကို လွဲချော်သွားရတော့မှာဖြစ်ပြီး ရက်သတ္တပတ် (၆)ပတ်ခန့်လောက်အထိကို အနားယူရဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Manchester Evening News

အသက်(၂၁)နှစ်အရွှယ်ရှိ စပိန်လက်ရွေးစင် တိုက်စစ်ကစားသမား ဖယ်ရန်တောရက်စ်ဟာ စပိန်အသင်းနဲ့အတူ Nations League ဆီမီးဖိုင်နယ်နဲ့ ဖိုင်နယ်ပွဲစဉ်တွေကို ပါဝင်ကစားခဲ့ရာ အီတလီအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာပဲ ခြေထောက်ဒဏ်ရာ ရရှိသွားခဲ့ရတာဖြစ်ပြီး အဲ့ဒီဒဏ်ရာနဲ့ ဖိုင်နယ်ပွဲအထိ ဆင်နွဲခဲ့ပေမယ့် သူရဲ့ဒဏ်ရာအခြေအနေက အနည်းဆုံး တစ်လခန့်လောက် အနားယူရမယ့် အနေအထား ဖြစ်နေတာကြောင့် တောရက်စ်အနေနဲ့ သူရဲ့ကလပ်အသင်းရဲ့ ပွဲအနည်းငယ်လောက်ကို လွဲချော်ရတော့မှာ ဖြစ်ပါတယ်။

Photo Credit : Eurosport

အခုလို ဒဏ်ရာပြသာနာနဲ့ ရင်ဆိုင်သွားခဲ့ရတဲ့ ဖယ်ရန်တောရက်စ်ဟာ မန်စီးတီးအသင်းရဲ့ ကလပ်ဘရုဂျက်စ်အသင်းနဲ့ အိမ်ကွင်းအဝေးကွင်း ရင်ဆိုင်သွားရမယ့် ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲစဉ်တွေအပြင် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ထိပ်တိုက်တွေ့ဆုံရမယ့် မန်ချက်စတာဒါဘီ ပရီးမီးယားလိဂ်ပွဲစဉ်တွေကိုပါ ဆက်တိုက်လွဲချော်ရတော့မှာပဲ ဖြစ်ပါတယ်။ တောရက်စ်ရဲ့ ဒဏ်ရာအခြေအနေဟာ မန်စီးတီးအသင်းအတွက်တော့ ထိုးနှက်ချက်တစ်ခု ဖြစ်လာနိုင်ပြီး နောက်ထပ် အသင်းတိုက်စစ်ကစားသမား ဂါဘရီရယ်ဂျေဇူးမှာလည်း ဘရာဇီးလ်အသင်းနဲ့အတူ တောင်အမေရိကဇုန် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေကို ဆင်နွဲနေရတာကြောင့် အသင်းနဲ့ ချက်ချင်းပူးပေါင်းနိုင်ဖို့ မလွယ်ကူပဲ ဘန်လေအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်ရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် မန််စီးတီးအသင်းအနေနဲ့ ဘန်လေအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွက် တိုက်စစ်ပိုင်းကို ရာဟင်စတာလင် ဖေးလ်ဖိုဒန်နဲ့ ဂျက်ဂရီးလစ်ရှ်တို့နဲ့သာ အသုံးပြုရဖွယ် ရှိနေပြီး တောရက်စ်ကိုတော့ လာမယ့် နိုဝင်ဘာလလယ်ပိုင်းလောက်မှသာ ပြန်လည်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။