မနက်နိုးနိုးချင်း အိပ်ရာထလို့ ဖွဘုတ်စပွတ်မိချင်းမှာပဲ တွေ့လိုက်ရတဲ့ Breaking News ကြီးတစ်ခုဟာ မန်စီးတီးကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တိုင်းရဲ့ရင်ထဲကို ဆို့နစ်သွားစေမှာ အမှန်ပါ။ ကိုယ်အားပေးတဲ့အသင်းက အသင်းကြီးတစ်သင်းစာရင်းဝင် နှစ်တိုင်းလိုလို ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တွေးပူနေစရာမလိုတဲ့ အသင်းတစ်သင်းအဖြစ် သတ်မှတ်ခံထားရပြီးမှ အခုလို ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ၂ရာသီဆက်တိုက် Ban ခံရခြင်းက အသင်းအတွက် ဘက်ပေါင်းစုံထောင့်ပေါင်းစုံကို ဆိုးကျိုးတွေသက်ရောက်လာစေမှာ သေချာပါတယ်။

Photo Credit : Daily Express

ပရီးမီးယားလိဂ်မှာ ထိပ်တန်းအသင်းကြီးတစ်သင်းအဖြစ် တည်ဆောက်နိုင်ခဲဲ့ပြီးတဲ့နောက်မှာ မန်စီးတီးတို့ရဲ့မျှော််လင့်ချက်တွေက ချန်ပီယံလိဂ်ဖလားဆီ ပြောင်းလဲလာခဲ့ပါတယ်။ ဒါပေမယ့် အမြင့်မားဆုံးအနေနဲ့ ကွာတားဖိုင်နယ်အထိပဲ တတ်လှမ်းခဲ့ဖူးတဲဲ့ မန်စီးတီးရဲ့ချန်ပီယံလိဂ်အိမ်မက်တွေက ဒီရာသီမှာတောင် ချန်ပီယံလိဂ်ရဲ့ အရှင်သခင်အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲဲ့ ဆုံနေရလို့ မရေမရာဖြစ်နေတဲ့အပြင် UEFA ရဲ့ FFP စည်းမျဉ်းတွေကို လက်တစ်လုံးခြားလုပ်မိတဲ့ ပြစ်ဒဏ်တွေကြောင့်ပါ လာမယ့်နှစ်ကနေစတင်ပြီး ၂ရာသီအကြာထိ ဥရောပဘောလုံးပြိုင်ပွဲများနဲ့ မသက်ဆိုုင်သောတဲ့ အသင်းဖြစ်လာရတော့မှာပါ။

Photo Credit : DNA India

လက်ရှိမှာတော့ ဒီကိစ္စကို အားကစားခုံရုံးဆီ အယူခံတင်ထားတယ်ဆိုပေမယ့်လို့ ဒီအယူခံအောင်မြင်မယ် မအောင်မြင်ဘူးထက် အယူခံကိုတော့ ဘယ်တော့စစ်ဆေးပြီး ဘယ်တော့လောက် ကြားနာမလဲဆိုတာတောင် သေချာမသိရသေးလို့ အနည်းဆုံးတော့ လာမယ့်နှစ်မှာ မန်စီးတီးကို ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း မြင်တွေ့ရဖွယ်မရှိဖို့ အခြေအနေများနေပါတယ်။ အဲ့ဒီရဲ့နောက်ဆက်တွဲ အကျိုးရလဒ်ထဲက ဆိုးကျိုးတွေကတော့ လက်ရှိနည်းပြဂွာဒီယိုလာကို လက်လွတ်ရဖွယ်ရှိလာနိုင်သလို ဆာနေး စတာလင်းတို့လို အခြားကလပ်အသင်းတွေရဲ့ပစ်မှတ်ဖြစ်နေတဲ့ ကြယ်ပွင့်ကစားသမားတွေကိုလည်း စွန့်လွှတ်လာရနိုင်ပါတယ်။ ဒီကစားသမားတွေ ထွက်ခွာသွားရင် ဒါမှမဟုတ် လက်ရှိအသင်းရဲ့ယိုပေါက်တွေကို ပြန်လည်ဖြည့်တင်းမယ့်နေရာမှာလည်း ထိပ်တန်းကစားသမားတွေကို ကမ်းလှမ်းဖို့က ခက်ခဲလာနိုင်ပါတယ်။

Photo Credit : Daily Express

ဒါပေမယ့် ဒီပြစ်ဒဏ်က UEFA နဲ့သာ သက်ဆိုင်တာဖြစ်ပြီး FIFA နဲဲ့ ပတ်သက်ခြင်းမရှိလို့ Transfer Ban ခံရမှာတော့ မဟုတ်ပါဘူး။ နောက်ဆုံးကြားထားရတော့ကတော့ ပရီးမီးယားလိဂ်က မန်စီးတီးကို အမှတ်လျော့ချဖို့အထိ လုပ်ဆောင်လာမယ်ဆိုတာဖြစ်ပြီး ဒီလိုသာဖြစ်လာခဲ့မယ်ဆိုရင် အထူးသဖြင့် နောက်ရာသီလောက်မှာ ဖြစ်လာမယ်ဆိုရင်တော့ မန်စီးတီးအတွက်က အရမ်းကို ထိခိုက်နစ်နာစေနိုင်ပါတယ်။ အခုလို မန်စီးတီးရဲ့ပြစ်ဒဏ်ကြောင့် အဆင့်၄အောက်က အသင်းတွေရဲ့ ဥရောပဝင်ခွင့်တွေက ပိုမိုအားကောင်းလာနိုင်သလို လိဂ်ဖလားဖိုင်နယ်ကို ရောက်ရှိထားတဲ့ ဗီလာလို အသင်းမျိုးတောင် ယူရိုပါလိဂ်လောက် မှန်းလို့ရလာနိုင်ပါတယ်။ ဒါပေမယ့် ဆိုးကျိုးတွေထဲကမှ ကောင်းကျိုးကို ရှာမယ်ဆိုရင်တော့ ပရီးမီးယားလိဂ်ကနေ မန်စီးတီးကို အမှတ်လျော့ပြစ်ဒဏ်တွေသာ မချမှတ်ဖြစ်ခဲ့ရင် မန်စီးတီးအနေနဲ့ ပရီးမီးယားလိဂ်ကို အပြည့်အဝအာရုံစိုက်လာနိုင်ပြီး ချန်ပီယံဆုကို ပြန်လည်စိန်ခေါ်လာနိုင်မှာပါ။ ဒီလိုသာဓကမျိုးကလည်း ချယ်လ်ဆီး လက်စတာအသင်းတို့ လုပ်ဆောင်ခဲ့ဖူးတာဖြစ်လို့ မဖြစ်လာနိုင်ဘူးလို့ ပြောမရပါဘူး။ နောက်ပြီး အက်အေဖလားနဲဲ့ လိဂ်ဖလားတွေကို ရသလောက် သိမ်းပိုက်ထားလို့ ရနိုင်ပါသေးတယ်။ ဒါတွေကတော့ မန်စီးတီးရဲ့ပြစ်ဒဏ်နဲ့ပတ်သက်ပြီး စဉ်းစားတွေးတောမိတာလေးတွေပါခင်ဗျာ။