စပိန်နိုင်ငံ ကတ်တလန်ဒေသ အခြေစိုက် သတင်းမီဒီယာတစ်ခုဖြစ်တဲ့ El Nacional ရဲ့ ဖော်ပြချက်တွေအရ မန်စီးတီးအသင်းနည်းပြ ပတ်ဂွာဒီယိုလာဟာ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ စူပါကြယ်ပွင့် တိုက်စစ်ကစားသမားလေး ဗင်နီစီယပ်စ်ဂျူနီယာကို အသင်းဆီ ခေါ်ဆောင်သွားဖို့အတွက် ကစားသမားရဲ့ အေးဂျင့်ဖြစ်သူနဲ့ ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။
Photo Credit : Marca
မန်စီးတီးနည်းပြ ဂွာဒီယိုလာဟာ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် ဘရာဇီးလ်ကြယ်ပွင့် ဗင်နီစီယပ်စ်ကို နှစ်သက်သဘောကျနေတာဖြစ်ပြီး အသင်းဆီ ခေါ်ဆောင်သွားချင်တာကြောင့် ကစားသမားရဲ့ အေးဂျင့်နဲ့ ဆက်သွယ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ရီးယဲလ်မက်ဒရစ်အသင်းကတော့ သူတို့ရဲ့ အရေးပါတဲ့ ကစားသမားဖြစ်တဲ့ ဗင်နီစီယပ်စ်ကို အသင်းကနေ ရောင်းထုတ်သွားဖို့ ဆန္ဒမရှိသလို ယခင်တုန်းက အသင်းရဲ့ ဘရာဇီးလ် တိုက်စစ်မှူးဟောင်း ရော်ဘင်ဟိုလို အသင်းနဲ့ စာချုပ်ကိစ္စ ဆွေးနွေးညှိနှိုင်းနေစဉ် အဆင်ပြေမှု ရယူနိုင်ခဲ့ပြီးမှ မထင်မှတ်ပဲ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့သွားတာမျိုး မဖြစ်ရဖို့အတွက် ရီးယဲလ်အသင်းဘက်ကနေ ဗင်နီစီယပ်စ်ရဲ့ အခြေအနေကို ဂရုတစိုက် လုပ်ဆောင်သွားဖွယ် ရှိနေပါတယ်။
Photo Credit : SportsMax
ဒီလို အလားတူ ကိစ္စရပ်မျိုးတွေ ထပ်မံမဖြစ်ပွားစေဖို့အတွက် ရီးယဲလ်ဥက္ကဌ ဖလော်ရန်တီနိုပီရက်ဇ်က ဗင်နီစီယပ်စ်ကို မြင့်မားတဲ့ လုပ်ခလစာမျိုးအပြင် အလွန်မြင့်မားလှတဲ့ စာချုပ်ဖျက်သိမ်းကြေးနဲ့ပါ စာချုပ်သက်တမ်း တိုးမြှင့်သွားဖွယ် ရှိနေပါတယ်။ အသက်(၂၁)နှစ်အရွှယ်သာ ရှိနေသေးတဲ့ ဘရာဇီးလ် လူငယ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်ဟာ ဒီနှစ် ဘောလုံးရာသီအတွင်း ရီးယဲလ်အသင်းအတွက် ပြိုင်ပွဲစုံ (၂၇)ပွဲ ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး(၁၅)ဂိုး သွင်းယူထားခဲ့သလို (၉)ဂိုးအထိ ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ ရီးယဲလ်အသင်းနဲ့ ၂၀၂၄ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတဲ့ ဗင်နီစီယပ်စ်ဟာ အသင်းမှာ ဝါရင့်တိုက်စစ်မှူးကြီး ကာရန်ဘန်ဇီမာနဲ့ တွဲဖက်ပြီး အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသလျက် ရှိနေသလို ပြီးခဲ့တဲ့ရက်ပိုင်းက ကစားသွားခဲ့တဲ့ စပိန်စူပါဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာလည်း ပြိုင်ဘက်ဘာစီလိုနာအသင်းကို ဦးဆောင်ဂိုး သွင်းယူခဲ့ပြီး အသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဂွာဒီယိုလာ အလိုရှိနေတဲ့ ဒီဘရာဇီးလ် ကြယ်ပွင့်ရဲ့ လက်ရှိတန်ကြေးကတော့ ယူရိုသန်း(၁၀၀)လောက်ကို ရှိနေရပြီး ကစားသမားကိုယ်တိုင်ကလည်း ရီးယဲလ်အသင်းနဲ့ပဲ ဆက်လက်ပူးပေါင်းဖွယ်သာ ရှိနိုင်ပါတယ်။