တန်းဆင်းရနိုင်မယ့် အနေအထားနဲ့ မကင်းလွတ်သေးလို့ ဖိအားအနည်းငယ်ဝင်နေရတဲ့ ဝက်ဖို့ဒ်အသင်းနဲ့ ပရီးမီးယားလိဂ်ဖလားရော အက်အေဖလားကိုပါ လက်လွတ်ထားရတဲ့ မန်စီးတီးအသင်းတို့ ပရီးမီးယားလိဂ် ပွဲစဥ်(၃၇)အဖြစ် တွေ့ဆုံခဲ့ရာမှာ ဧည့်သည်မန်စီးတီးအသင်းက (၄)ဂိုးနဲ့ ဂိုးမရှိနဲ့ အပြတ်အသတ် အနိုင်ရရှိသွားခဲ့ပါတယ်။

 

Photo Credit : Getty Image

မန်စီးတီးအသင်း 4-3-3 ကစားကွက်နဲ့အတူ စတာလင်း ဂျေဆူး ဖိုဒန် ဒီဘရိုင်း ရိုဒရီ ဘာနာဒိုဆေးဗား ဝေါ်ကာ ဂါဆီယာ လာပေါ့တ် ကန်ဆယ်လိုနဲ့ အီဒါဆန်တို့ ပါဝင်လာခဲ့သလို အိမ်ရှင်ဝက်ဖိုဒ့်အသင်းဘက်မှာလည်း ဒီနေး ဆားလ် ကီကို ကလီဗာလေ ဒူကိုရီ ဝဲလ်ဟု့ချ် ပါရဲရား ဒေါ့ဆန် ကာဘာဆီလီ မာရီရာပါနဲ့ ဖော်စတာတို့ ပါဝင်ခဲ့ပါတယ်။ ဝက်ဖို့ဒ်က အမှတ်လိုနေတဲ့ အသင်းဖြစ်ပေမယ့်လည်း မန်စီးတီးနဲ့ဆုံတိုင်းမှာ ငယ်နိုင်လိုဖြစ်နေရတဲ့ ဝက်ဖို့ဒ်အသင်း ပထမပိုင်းမှာကတည်းက ဘာမှမလုပ်နိုင်ခဲ့ပဲ ဖော်စတာကြောင့်သာ ဂိုးတွေများစွာ ခွင့်မပြုရတာဖြစ်ပါတယ်။ မန်စီးတီးကတော့ ပထမပိုင်းမှာကတည်းက စတာလင်းရဲ့သွင်းဂိုး(၂)ဂိုးနဲ့ ပွဲကိုစတင်ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒီသွင်းဂိုးတွေကြောင့် စတာလင်းရဲ့လိဂ်သွင်းဂိုးကလည်း (၁၉)ဂိုးအထိ ရှိလာခဲ့ရပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်းမှာလည်း မန်စီးတီးအသင်းကပဲ ဆက်လက်ဖိအားပေးနေခဲ့လို့ ဝက်ဖို့ဒ်အသင်းကပါ ချေပဂိုးတွေ ပြန်လည်ရယူနိုင်ဖို့ထက် ဂိုးတွေထပ်ပြီး မပေးရအောင်သာ ခံစစ်ကို ပိုမိုသတိထား ကစားလာခဲ့ပါတယ်။ ဒါပေမယ့် မန်စီးတီးရဲ့တိုက်စစ်အရှိန်ကို လုံးဝမထိန်းထားနိုင်တော့ပဲ (၆၃)မိနစ်မှာ ဖိုဒန်ရဲ့သွင်းဂိုးနဲ့ (၆၆)မိနစ်မှာ လာပေါ့တ်ရဲ့ခေါင်းတိုက်ဂိုးတွေကို ဆက်လက်ခွင့်ပြုခဲ့ရပါတယ်။ နောက်ဆုံးမိနစ်မှာ ဂျေဆူးက (၅)ဂိုးမြောက်ဂိုးကို ခေါင်းတိုက်သွင်းယူခဲ့ပေမယ့်လည်း လူကျွံနေခဲ့ပါတယ်။