ပြီးခဲ့တဲ့ ဆောက်သမ်တန်ပွဲတုန်းက မထင်မှတ်ပဲ ရှံးပွဲတွေ့သွားခဲ့ရပြီး ဂွာဒီယိုလာလက်ထက် အဝေးကွင်း(၃)ပွဲဆက်ရှံးပွဲကို ပထမဆုံးအကြိမ် ကြုံတွေ့လိုက်ရတဲ့ မန်စီးတီးအသင်းဟာ ဒီနေ့ညမှာတော့ သူတို့အိမ်ကွင်းမှာ နယူးကာဆဲလ်ယူနိုက်တက်အသင်းနဲ့ တွေ့ဆုံနေခဲ့ပြီး အိမ်ရှင်မန်စီးတီးကပဲ (၅)ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ်ကို အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Image

မန်စီးတီးအသင်းက ဂျေဆူး ဖိုဒန် မာရက်ဇ် ဒေးဗစ်ဆေးဗား ဒီဘရိုင်း ရိုဒရီ ကန်ဆယ်လို ဂျွန်စတုန်းစ် အော်တာမန်ဒီ ဇင်ချန်ကိုနဲ့ အီဒါဆန်တို့ကို သုံးစွဲလာခဲ့ပြီး စတာလင်း လာပေါ့တ် ဘာနာဒိုဆေးဗား ဖာနန်ဒင်ဟိုနဲ့ ဝေါ်ကာတို့ကို အရန်စာရင်းမှာသာ သုံးစွဲလာခဲ့ပါတယ်။ ဧည့်သည်နယူးကာဆဲလ်ဘက်မှာကလည်း လက်ဆဲလက်စ် အယ်မီရွန််နဲ့ စိန့်မက်ဆီမန်တို့လို အဓိက ကစားသမားတွေကို လူစာရင်းကနေ ချန်လှပ်ခဲ့ပြီး ဂျိုးလင်တန် ရစ်ချီ ဘန်တာလက်ချ် ရှယ်ဗေး လာဇာရို ဒန်နီရို့စ် ဖာနန်ဒက်ဇ် ရှား ကရစ်ဖ် ယက်ဒလင်းနဲ့ ဒူဘရာကာတို့ ပါဝင်လာခဲ့ပါတယ်။ ပထမပိုင်းအတွင်းမှာကတည်းက မန်စီးတီးရဲ့ပွဲဖြစ်နေပြီး အသင်းခေါင်းဆောင် ဗဟိုနောက်ခံလူ လက်ဆဲလက်စ် မပါဝင်လာခဲ့တဲ့ နယူးကာဆဲလ် အားနည်းနေခဲ့ပြီး မန်စီးတီးတို့ သွင်းဂိုး(၂)ဂိုးကို (၁၁)မိနစ်အတွင်းမှာပဲ ပိုင်ဆိုင်ခဲ့ရပါတယ်။ ပွဲချိန်(၁၀)မိနစ်မှာ ဖေဖော်ဝါရီလနောက်ပိုင်းကတည်းက ပရီးမီးယားလိဂ်ဂိုး မရသေးတဲ့ ဂျေဆူးက အဖွင့်ဂိုးစတင်သွင်းယူခဲ့သလို (၂၁)မိနစ်မှာလည်း ဒီဘရိုင်းရဲ့ပေးပို့မှုကနေ မာရက်ဇ်က ဒုတိယဂိုးကို ရယူခဲ့ပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်း ပွဲကစားချိန်တွေအတွင်းမှာလည်း မန်စီးတီးကပဲ ပွဲကိုလွှမ်းမိုးထားခဲ့ပြီး (၅၈)မိနစ်အရောက်မှာ ဂျေဆူးက ပင်နယ်တီဧရိယာထဲ ဘောလုံးယူလာတာကို ရစ်ချီက ရှင်းထုတ်ရင်းနဲ့ ဂိုးပေါက်ထဲ ဝင်သွားခဲ့ပါတယ်။ ကစားသမား အပြောင်းအလဲတွေ လုပ်ဆောင်ပြီးနောက်မှာလည်း မန်စီးတီးပဲ ဂိုးထပ်ရခဲ့ကာ (၆၅)မိနစ်မှာ ဝါရင့်ကစားသမားကြီး ဒေးဗစ်ဆေးဗားက ဖရီးကစ်ကနေ သွင်းယူခဲ့တာဖြစ်ပါတယ်။ ပွဲပြီးခါနီးမှာလည်း လူစားဝင်လာခဲ့တဲ့ စတာလင်းက ပွဲသိမ်းအနိုင်ဂိုးကိုပါ ဆက်လက်သွင်းယူခဲ့ပါသေးတယ်။ နယူးကာဆဲလ်မှာလည်း ချေပဂိုးတောင် ပြန်လည်မရယူနိုင်တော့ပဲ ပရီးမီးယားလိဂ်(၄)ပွဲဆက်တိုက် ရှံးပွဲမရှိခဲ့တာကလည်း ရပ်တန့်သွားခဲ့ရပါတယ်။