အက်အေဖလားပြိုင်ပွဲကို ပရီးမီးယားလိဂ်အသင်းနဲ့ ဆုံတွေ့ရခြင်းမရှိပဲ အသင်းငယ်တွေနဲ့သာ ရင်ဆိုင်တွေ့ရင်း ကွာတားဖိုင်နယ်ထိ ရောက်ရှိလာခဲ့တဲ့ နယူးကာဆဲလ်ယူနိုက်တက်အသင်းနဲ့ အက်အေဖလားရဲ့ လက်ရှိချန်ပီယံအသင်းဖြစ်တဲ့ မန်စီးတီးအသင်းတို့ ဒီနေ့ည(၁၂)နာရီအချိန်မှာ အက်အေဖလား ကွာတားဖိုင်နယ်ပွဲအဖြစ် စိန့်ဂျိမ်းစ်ပတ်မှာ ရင်ဆိုင်ကစားရင်း မန်စီးတီးအသင်းကပဲ (၂)ဂိုး ဂိုးမရှိနဲ့အနိုင်ရပြီး ဆီမီးဖိုင်နယ်တတ်ရောက်သွားခဲ့ပါတယ်။

Photo Credit : Getty Image

အက်အေဖလားပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ မန်စီးတီးအသင်းက ဂျေဆူး စတာလင်း မာရက်ဇ် ဒီဘရိုင်း ဂန်ဒိုဂန် ဒေးဗစ်ဆေးဗား ဝေါ်ကာ မန်ဒီ အော်တာမန်ဒီ လာပေါ့တ်တို့လို ကစားသမားကောင်းတွေ အစုံအလင်သုံးစွဲလာခဲ့ပြီိး ဂိုးသမားနေရာမှာသာ အရန်ဂိုးသမားဘရာဗိုကို သုံးစွဲလာခဲ့ပါတယ်။ အိမ်ရှင်နယူးကာဆဲလ်ကလည်း ကာရိုး အယ်မီရွန် လောင်းစတပ်ဖ် ဟေးဒန် စိန့်မက်ဆီမန် လက်ဆဲလက်စ် မာကွီလို ဖာနန်ဒက်ဇ် ဒန်နီရို့စ်နဲ့ ဒါလော့တို့ကို အသုံးပြုခဲ့ပါတယ်။ ပထမပိုင်းတစ်ပိုင်းလုံးမှာ မန်စီးတီးအသင်းကပဲ ဘောလုံးပိုင်ဆိုင်မှုအသာ တိုက်စစ်ဆင်မှုအသာနဲ့ တစ်သင်းလုံးလွှမ်းမိုးပြီး ကစားခဲ့ကာ ဂိုးကန်သွင်းခွင့် (၁၅)ကြိမ်ထိကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမယ့် နယူးကာဆဲလ်ခံစစ် ပိတ်ဆို့ကစားမှုကြောင့် မန်စီးတီးတို့ တိုက်စစ်ဆင်မှုက မထိရောက်ခဲ့ပဲ (၃၇)မိနစ်မှာတော့ ဂျေဆူးကြောင့် ပင်နယ်တီရခဲ့ပြီး ဒီဘရိုင်းက ဂိုးအဖြစ်သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်းမှာ နယူးကာဆဲလ်က ဂျိုးလင်တန် ဂိုင်းလ်တို့ကို ထည့်သွင်းကစားလာခဲ့လို့ မန်စီးတီးဘက်ကို ပြန်လည်ဖိအားပေးနိုင်ခဲ့သလို (၆၅)မိနစ်မှာလည်း ဂိုင်းလ်အပိုင်အခွင့်အရေး ပိုင်ဆိုင်ခဲ့ပေမယ့် ကန်ချက်က အားများသွားခဲ့လို့ နယူးကာဆဲလ်တို့ နစ်နာခဲ့ရပါတယ်။ (၆၇)မိနစ်အရောက်မှာတော့ တောင်ပံကစားသမားစတာလင်းက မန်စီးတီးကို အနိုင်သေချာသွားစေမယ့် ဒုတိယဂိုး သွင်းယူခဲ့ပြီး (၂)ဂိုးပြတ်နဲ့ ဂိုးပြတ်နိုင်ပွဲရသွားစေခဲ့ပါတယ်။