ဒီနေ့ည (၁)နာရီ(၄၅)မိနစ်မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်(၃၂)ရဲ့နောက်ဆုံးပွဲနဲ့ အကောင်းဆုံးသောပွဲစဉ်ဖြစ်တဲ့ ချန်ပီယံဟောင်းမန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံအသင်း လီဗာပူးလ်အသင်းတို့ တွေ့ဆုံတဲ့ပွဲစဉ်အတွင်းမှာ အိမ်ရှင်မန်စီးတီးက လီဗာပူးလ်ကို (၄)ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ်ကို အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Image

အိမ်ရှင်မန်စီးတီးအသင်းဟာ ဂျေဆူး စတာလင်း ဒီဘရိုင်း ဖိုဒန် ရိုဒရီ ဂန်ဒိုဂန် ဝေါ်ကာ လာပေါ့တ် မန်ဒီ အီဒါဆန်တို့ ပါဝင်လာခဲ့ပြီး ချယ်လ်ဆီးနဲ့ပွဲမှာ အနီကတ်ပြခံထားရတဲ့ ဖာနန်ဒင်ဟိုရဲ့နေရာမှာတော့ ဒဏ်ရာကနေ ပြန်လည်သက်သာလာတဲ့ ဂါဆီယာကို ပြန်သုံးခဲ့ပါတယ်။ လီဗာပူးလ်အသင်းကလည်း အမှတ်မလိုအပ်တော့ပေမယ့် မာနေး ဆာလာ ဖာမီနို ဖာဘင်ဟို ဝိုင်နယ်ဒန် ဟန်ဒါဆန် ရောဘတ်ဆန် ဗန်ဒိုက် ဂိုမက်ဇ် အာနိုး အယ်လီဆန်တို့လို အဓိက ကစားသမားအစုံအလင်နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဒီပွဲမတိုင်ခင်ကတည်းက ချန်ပီယံဖြစ်ထားတဲ့ လီဗာပူးလ်က ပွဲကိုအာရုံစိုက်မှု အပြည့်အဝနဲ့ မကစားခဲ့နိုင်တာကြောင့် ပထမပိုင်းမှာပဲ အိမ်ရှင်အသင်းဘက်ကို (၃)ဂိုးတောင် ခွင့်ပြုပေးခဲ့ရပါတယ်။ မန်စီးတီးတိုက်စစ်မှာ ဒီဘရိုင်း ဖိုဒန် စတာလင်းတို့ အတော်လေး အချိတ်အဆက်မိမိနဲ့ ခြေစွမ်းပြခဲ့သလို ပထမပိုင်း ရရှိခဲ့တဲ့ သွင်းဂိုးတွေကလည်း သူတို့တစ်ဦးချင်းစီက သွင်းယူခဲ့တာဖြစ်ပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာ လီဗာပူးလ်အသင်းဘက်ကနေ ဂိုမက်ဇ်အစား ချိန်ဘာလိန်ကိုထည့်သွင်းလာခဲ့ပေမယ့် မန်စီးတီးကပဲ နောက်ထပ်အနိုင်ဂိုးကို ထပ်မံပိုင်ဆိုင်ခဲ့ကာ အဲ့ဒီဂိုးကလည်း စတာလင်းရဲ့ကန်ချက် ချိန်ဘာလိန်နဲ့ထိမိရင်း ဝင်သွားခဲ့ရတာဖြစ်ပါတယ်။ မန်စီးတီးက ဒုတိယပိုင်းမှာလည်း တိုက်စစ်ကို ပိုမိုလိုက်ပါကစားနိုင်ခဲ့ပြီး လီဗာပူးလ်ခံစစ်ကို မွှေနှောက်နိုင်ခဲ့လို့ လီဗာပူးလ်အတွက် ဒီရာသီမှာ ဂိုးအပြတ်ရှံးပွဲတစ်ပွဲ ဖြစ်သွားစေခဲ့ရပါတယ်။