အမှတ်ပေးဇယားရဲ့ အဆင့်(၂)နေရာကို အသေအချာ ရယူထားနိုင်ခဲ့တဲ့အပြင် လာမယ့်နှစ်မှာလည်း ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ကစားခွင့်ရသွားခဲ့တဲ့ မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲကနေ တန်းမဆင်းသွားရအောင် အသည်းအသန် ကြိုးပမ်းလျက်ရှိနေတဲ့ ဘုန်းမောက်အသင်းတို့ ပရီးမီးယားလိဂ် ပွဲစဉ်(၃၆)အဖြစ် အယ်တီဟတ်ကွင်းအတွင်းမှာ တွေ့ဆုံခဲ့ကြရာ မန်စီးတီးက (၂)ဂိုး (၁)ဂိုးနဲ့ ကပ်အနိုင်ရသွားခဲ့ပါတယ်။

 

Photo Credit : Getty Image

အိမ်ရှင်မန်စီးတီးအသင်းကတော့ ပုံမှန်အသုံးပြုနေကျ ၄-၃-၃ ကစားကွက်နဲ့အတူ ဂျေဆူး ဘာနာဒိုဆေးဗား ဖိုဒန် ဒေးဗစ်ဆေးဗား ဖာနန်ဒင်ဟို ဂန်ဒိုဂန် ဝေါ်ကာ ဂျွန်စတုန်း အော်တာမန်ဒီ မန်ဒီနဲ့ အီဒါဆန်တို့ကို သုံးစွဲလာခဲ့ပြီး အက်အေဖလားပွဲအတွက် စတာလင်း မာရက်ဇ် ဒီဘရိုင်းနဲ့ လာပေါ့တ်တို့ကို အနားပေးသွားခဲ့ပါတယ်။ ဘုန်းမောက်ကလည်း ကော်လန်ဝီလ်ဆင်ကို အရန်စာရင်းမှာပဲ ထည့်သွင်းလာခဲ့ပြီး ဆိုလန်ကီကို အထောင်တိုက်စစ်မှာ အသုံးပြုလာခဲ့ပါတယ်။ မန်စီးတီးက ပွဲအစ(၆)မိနစ်မှာပဲ ဒေးဗစ်ဆေးဗားရဲ့ ဖရီးကစ်ကန်ချက်ကနေ စတင်ဦးဆောင်ခဲ့ပေမယ့် ဘုန်းမောက်ကလည်း တန်းဆင်းဇုန်ရုန်းအားတွေနဲ့ မန်စီးတီးဘက်ကို ပြန်လည်တိုက်စစ်ဆင်ခဲ့နိုင်ပါတယ်။ ဘုန်းမောက်ဘက်က အကောင်းဆုံးတုန့်ပြန် ကစားနိုင်ခဲ့ပေမယ့် မန်စီးတီးကပဲ ဒုတိယဂိုးကို (၃၉)မိနစ်မှာ ထပ်ရခဲ့သလို ဂျေဆူးက သွင်းယူခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ ဘရွှတ်က ဘုန်းမောက်အတွက် ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : Getty Image

ယူရိုပါလိဂ်ဝင်ခွင့် မျှော်လင့်ချက်ရှိနေတဲ့ ဘန်လေအသင်းနဲ့ အဆင့်(၄)အတွင်း ဝင်ရောက်နိုင်အောင် ကြိုးစားခွင့်ရှိနေသေးတဲ့ ဝုလ်ဗ်အသင်းတို့ဟာ Turf Moor ကွင်းအတွင်းမှာ ပရီးမီးယားလိဂ် ပွဲစဉ်(၃၆)အဖြစ် ဆုံတွေ့ခဲ့ကြပြီး တစ်ဖက်ကို တစ်ဂိုးစီနဲ့ သရေကျသွားခဲ့ပါတယ်။ တစ်ပွဲလုံး ဖိအားပေးကစားနိုင်ခဲ့တဲ့ ဝုလ်ဗ်အသင်းဟာ ပွဲချိန်(၇၆)မိနစ်မှာ ဂျီမီနက်ဇ်ရဲ့သွင်းဂိုးနဲ့ စတင်ဦးဆောင်ခွင့်ရခဲ့တာဖြစ်ပြီး နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာ ဘန်လေက ပင်နယ်တီရခဲ့လို့ ခရစ္စဝုဒ်က အသည်းခွဲချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။