မနေ့ညက ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့မှာ ကျင်းပခဲ့တဲ့ စပို့တင်းလစ္စဘွန်းအသင်းနဲ့ မန်ချက်စတာစီးတီးအသင်းတို့ရဲ့ ချန်ပီယံလိဂ်် (၁၆)သင်း ရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်မှာ ဧည့်သည်မန်စီးတီးက ပထမပိုင်း ပွဲကစားချိန်အတွင်းမှာပဲ သွင်းဂိုး(၄)ဂိုး ဒုတိယပိုင်းမှာ (၁)ဂိုး စုစုပေါင်း (၅)ဂိုးပြတ်နဲ့ကို အပြတ်အသတ် အနိုင်ယူခဲ့ပြီး ကွာတားဖိုင်နယ် တတ်လှမ်းဖို့က ရာနှုန်းပြည့်လောက် သေချာသွားပြီ ဖြစ်ပါတယ်။

Photo Credit : Twitter

ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံ မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ်တွေအတွင်းမှာ အုပ်စု(၆)ပွဲအတွင်း သွငး်ဂိုး (၁၈)ဂိုးထိ သွင်းယူနိုင်ခဲ့တာကြောင့် ဘိုင်ယန်မြူးနစ် အေဂျက်စ်အသင်းတို့ပြီးရင် ဒီရာသီ ချန်ပီယံလိဂ်ပြိ်ုင်ပွဲရဲ့ အုပ်စုတွင်း ပွဲစဉ်တွေမှာ တတိယမြောက် သွင်းဂိုးအများဆုံး အသင်းဖြစ်ခဲ့ရပါတယ်။ အခုလည်း စပို့တင်းကို လစ္စဘွန်းမြေမှာပဲ သွင်းဂိုး(၅)ဂိုးထိ ပယ်ပယ်နယ်နယ် သွင်းယူခဲ့တဲ့ မန်စီးတီးအသင်းဟာ ဒီရာသီအတွင်း ချန်ပီယံလိဂ် သွင်းဂိုးစုစုပေါင်း (၂၃)ဂိုး ရှိလာခဲ့တဲ့အပြင် ပြိုင်ပွဲသမိုင်းတလျှောက်မှာလည်း သွင်းဂိုး(၂၀၀) အလျင်မြန်ဆုံး ပြည့်မြောက်တဲ့ အသင်းအဖြစ်နဲ့ပါ မှတ်တမ်းဝင်သွားခဲ့ရပါတယ်။

Photo Credit : Twitter

ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ဖွယ် အရှိဆုံးအသင်းအဖြစ် ရေပန်းစားနေတဲ့ မန်စီးတီးအသင်းဟာ အုပ်စုတွင်းမှာလည်း ပီအက်စ်ဂျီ လိုက်ပ်ဇစ်တို့လို အသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပေမယ့် အုပ်စုပထမနေရာနဲ့ နောက်တစ်ဆင့်ကို တတ်လှမ်းထားခဲ့သလို (၁၆)သင်းအဆင့်မှာလည်း ပထမအကျော့တည်းနဲ့ အဖြေထွက်သွားအောင် ကစားပြနိုင်ခဲ့လို့ မန်စီးတီးရဲ့ ရေပန်းစားမှုကို ပိုမြင့်တတ်လာဖွယ် ရှိနေပါတယ်။ ပြည်တွင်းမှာလည်း ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆက်လက်ထိန်းသိမ်းသွားနိုင်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေရတဲ့ မန်စီးတီးဟာ ချန်ပီယံလိဂ် ပရီးမီးယားလိဂ်နဲ့ အက်အေဖလားဆိုတဲ့ ဖလား(၃)လုံးလမ်းကြောင်းပေါ်မှာ တည်ရှိနေသေးတာဖြစ်လို့ လာမယ့်ပွဲစဉ်တွေကို အသေအချာ အာရုံစိုက်သွားဖွယ် ရှိနေပါတယ်။ စပို့တင်းနဲ့ ယှဉ်ပြိုင်ကစားလို့အပြီးမှာ မန်စီးတီးအသင်းဟာ စပါး အဲဗာတန်တို့လို ပရီးမီးယားလိဂ် အသင်းကောင်းတွေနဲ့ လိဂ်ပွဲတွေကို တောက်လျှောက်ဆင်နွဲရမှာဖြစ်ပြီး ပြီးရင်တော့ ပီတာဘရော့အသင်းနဲ့ အက်အေဖလားပွဲ ယူနိုက်တက်နဲ့ မန်ချက်စတာဒါဘီပွဲတွေကို ဆက်တိုက်ဆင်နွဲသွားရမှာ ဖြစ်ပါတယ်။