ဒီနှစ်ဘောလုံးရာသီမှာ ဗလင်စီယာအသင်းအတွက် ခြေစွမ်းကောင်းတွေ ပြသထားနိုင်လို့ ဥရောပထိပ်သီး ကလပ်အသင်းကြီးတွေရဲ့ မျက်စိကျခြင်းကို ပိုင်ဆိုင်လာခဲ့ရတဲ့ စပိန်တောင်ပံကစားသမားလေး ဖာရန်တောရက်စ်ကို မန်စီးတီးအသင်းဘက်ကနေ ခေါ်ယူသွားဖို့ အထူးစိတ်ဝင်စားလျက်ရှိနေပြီး Eurosports အားကစားမီဒီယာကြီးရဲ့ ထုတ်ပြန်ချက်တွေအရ ဖာရန်တောရက်စ်ကို ခေါ်ယူဖို့ မန်စီးတီးအသင်းဘက်ကနေ သဘောတူညီမှု ရယူသွားနိုင်ခဲ့ပြီလို့ သိရှိရပါတယ်။

Photo Credit : Saudi24 News

မန်စီးတီးအသင်းဟာ ကနဦးအနေနဲ့ အသက်(၂၀)အရွှယ်သာရှိသေးတဲ့ စပိန်လူငယ်ကစားသမားလေးနဲ့ သဘောတူညီမှု ရယူနိုင်ခဲ့တာဖြစ်ပြီး ဗလင်စီယာအသင်းနဲ့ပါ ပြောင်းရွှေ့ကြေးပိုင်းကို ဆက်လက်သဘောတူညီနိုင်ခဲ့မယ်ဆိုရင် လာမယ့်ရက်ပိုင်းအတွင်းမှာ အပြောင်းအရွှေ့ကို တရားဝင်ထုတ်ပြန်နိုင်တော့မယ်လို့ Eurosports ကနေ ဖော်ပြထားခဲ့ပါတယ်။ ဒီလို ထွက်ပေါ်နေတဲ့ သတင်းတွေအရ ဖာရန်တောရက်စ် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီအတွက် မန်စီးတီးအသင်းဆီ ပထမဆုံး ရောက်ရှိလာမယ့် ကစားသမားသစ်တောင် ဖြစ်လာနိုင်ပါတယ်။

Photo Credit : Planet Football

မန်စီးတီးအသင်းဟာ မကြာသေးခင်ကမှ ဘိုင်ယန်မြူးနစ်အသင်းဆီ ရောင်းချလိုက်ရတဲ့ သူတို့အသင်းရဲ့ တောင်ပံကစားသမားဟောင်း လီရွိုင်းဆာနေးရဲ့နေရာအတွက် တောင်ပံကစားသမားသစ်တစ်ယောက်ကို ပြန်လည်အလိုရှိနေတာဖြစ်ပြီး ဘန်လေက မက်နေးလ်နဲ့ ဗလင်စီယာအသင်းရဲ့ ဖာရန်တောရက်စ်တို့ကို ပစ်မှတ်ထားခဲ့တာဖြစ်ပါတယ်။ ဒီကစားသမားလေးကိုလည်း ဘာစီလိုနာ ရီးရဲလ်မက်ဒရစ်လို့လို လာလီဂါ ထိပ်သီးအသင်းတွေအပြင် မန်ချက်စတာယူနိုက်တက် ဂျုဗင်တပ်စ်တို့ကလည်း စိတ်ဝင်တစား ရှိလို့နေပါတယ်။ ဒီလို အသင်းတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေး ဖာရန်တောရက်စ်ကို အားလုံးထက် လက်ဦးမှုရယူနိုင်အောင် မန်စီးတီးဘက်ကနေ ခပ်သွက်သွက်လေး ကြိုးပမ်းခဲ့ပြီး ဗလင်စီယာအသင်းကတော့ အသင်းနဲ့ သက်တမ်းတိုးဖို့ ဆန္ဒမရှိလို့နေတဲ့ ဖာရန်တောရက်စ်ကို စာချုပ်သက်တမ်း မကုန်ဆုံးခင်လေးမှာ ထိုက်တန်တဲ့ ပြောင်းရွှေ့ကြေးလေးနဲ့ ရောင်းချသွားချင်နေတာဖြစ်ပါတယ်။ ဖာရန်တောရက်စ်ရဲ့လက်ရှိတန်ကြေးမှာ ပေါင်သန်း(၅၀)ဝန်းကျင်လောက် ရှိလို့နေပါတယ်။