ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ပတ်ဂွာဒီယိုလာဟာ နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ အသင်းရဲ့ ညာနောက်ခံနေရာအတွက် ပရီးမီးယားလိဂ်ပြိုင်ဘက် ချယ်လ်ဆီးအသင်းရဲ့ အင်္ဂလန်လူငယ် နောက်ခံအစွန်လူ ရီးစ်ဂျိမ်းစ်ကို ခေါ်ယူသွားချင်နေတယ်လို့ ဗြိတိန်နာမည်ကျော် အားကစားသတင်းမီဒီယာကြီးဖြစ်တဲ့ The Athletic ကနေ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : The Atheltic

အသက်(၂၁)နှစ်အရွှယ်ရှိ ချယ်လ်ဆီးအကယ်ဒမီထွက် ညာနောက်ခံကစားသမား ရီးစ်ဂျိမ်းစ်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီကမှ ချယ်လ်ဆီးစီနီယာအသင်းကြီးအတွက် စတင်ပါဝင်ကစားခွင့် ရရှိခဲ့တာဖြစ်ပေမယ့်လည်း ပြိုင်ပွဲစုံပွဲပေါင်း (၄၇)ပွဲအထိကို ပါဝင်ကစားခဲ့ရသလို အသင်းနဲ့အတူ ဥရောပချန်ပီယံလိဂ် ဆုဖလားကြီးပါ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ ရီးစ်ဂျိမ်းစ်ဟာ ခံစစ်စွမ်းရည်ကောင်းမွန်သလို သူရဲ့ဖြတ်တင်ဘောတွေနဲ့ အဝေးကန်ချက်တွေကနေလည်း အသင်းရဲ့တိုက်စစ်ပိုင်းကိုပါ ကူညီပေးနိုင်တဲ့ ကစားသမားကောင်းတစ်ယောက် ဖြစ်နေတဲ့အတွက် မန်စီးတီးနည်းပြ ဂွာဒီယိုလာက ရီးစ်ဂျိမ်းစ်ကို မျက်စိကျလာခဲ့တာဖြစ်ပါတယ်။

Photo Credit : Football.London

ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံအသင်းဖြစ်တဲ့ မန်စီးတီးအသင်းဟာ လာမယ့်ဘောလုံးရာသီသစ် မတိုင်ခင်မှာပဲ နွေစျေးကွက်အတွင်း ကြီးမားတဲ့ ကစားသမား ခေါ်ယူမှုတွေကို လုပ်ဆောင်ဖွယ်ရှိနေသလို လတ်တလောမှာတော့ အင်္ဂလန်ကြယ်ပွင့်တွေဖြစ်တဲ့ စပါးတိုက်စစ်မှူး ဟာရီကိန်း အက်စတွန်ဗီလာ တောင်ပံကစားသမား ဂျက်ဂရီးလစ်ရှ်တို့ကို ပစ်မှတ်ထားနေတဲ့အပြင် အခုလည်း နောက်ထပ်အင်္ဂလန် ကစားသမားဖြစ်တဲ့ ရီးစ်ဂျိမ်းစ်နဲ့ပါ သတင်းထွက်လာခဲ့ရပါတယ်။ ဒါပေမယ့် မန်စီးတီးအသင်းရဲ့ ညာခြမ်းခံစစ်နေရာမှာ ကိုင်းလ်ဝေါ်ကာနဲ့ ဂျာအိုကန်ဆယ်လိုတို့လို တကယ့်အရည်အသွေး မြင့်မားလှတဲ့ ညာနောက်ခံလူတွေ ရှိလို့နေတာကြောင့် ရီးစ်ဂျိမ်းစ်ကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ဖွယ်မရှိသလို ချယ်လ်ဆီးအသင်းဘက်ကနေလည်း သူတို့အသင်းရဲ့ အလားအလာကောင်းလှတဲ့ ကြယ်ပွင့်ကစားသမားတစ်ဦးကို ပြိုင်ဘက်အသင်းတစ်သင်းဆီကို အလွယ်တကူ ရောင်းချဖွယ် မရှိနိုင်ပါဘူး။ ဒါပေမယ့် ချယ်လ်ဆီးအသင်းဘက်ကနေ အင်တာညာနောက်ခံလူ ဟာကီမီကို ကြိုးပမ်းခဲ့ဖူးတာကြောင့် အသင်းမှာ ရှိနေတဲ့ ညာနောက်ကစားသမား ရီးစ်ဂျိမ်းစ်ရဲ့အနာဂတ်ကလည်း အနည်းငယ်လေး လှုပ်ခတ်လာရမှာတော့ သေချာနေပါတယ်။