လီဗာပူးလ်အသင်းရဲ့ ဗဟို ခံစစ်မှူး ဗန်ဒိုက်က မန်စီးတီးအသင်း နဲ့ ချဲလ်ဆီးအသင်းကို ငြင်းခဲ့ပြီး လီဗာပူးလ်အသင်းကို ရွေးချယ်ခဲ့ရတဲ့ အကြောင်းအရင်းမှာ နည်းပြ ကလော့ပ်ကြောင့် ဖြစ်တယ်လို့ ပြောခဲ့ပြီး နည်းပြ ကလော့ပ်ကို လူစီမံခန့်ခွဲရေးမှာ တော်တယ်လို့လည်း ချီးကျူးခဲ့ပါတယ်။ နယ်သာလန်အသင်းရဲ့ လက်ရွေးစင် ခံစစ်မှူး ဗန်ဒိုက်ဟာ လွန်ခဲ့တဲ့ (၂၀၁၈) ခုနှစ် ဇန်နဝါရီလ အပြောင်းအရွေ့ ဈေးကွက်မှာ ဆောက်သမ်တန်အသင်းကနေ လီဗာပူးလ်အသင်းကို ပေါင် (၇၅) သန်းနဲ့ ပြောင်းရွေ့လာခဲ့စဉ်က ဈေးအကြီးဆုံး နောက်ခံကစားသမား စံချိန် တင်ခဲ့ပါတယ်။

Photo Credit: Goal

နောက်ခံလူ ဗန်ဒိုက်ဟာ ပြောင်းရွေ့ကြေး အများဆုံး နောက်ခံ ကစားသမား ဖြစ်ခဲ့ပေမယ့်လည်း မန်ယူအသင်းက နောက်ခံလူ မက်ဂွိုင်းယားကို ပေါင် သန်း (၈၀) နဲ့ ခေါ်ယူခဲ့တာကြောင့် သူ့ရဲ့ စံချိန်ကို ကျော်သွားခဲ့ပြီး မက်ဂွိုင်းယားက ဈေးအကြီးဆုံး နောက်ခံ ကစားသမား ဖြစ်ခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ နောက်ခံလူ ဗန်ဒိုက်ကို ခေါ်ယူပြီးနောက် ချန်ပီယံလိဂ် ဆုဖလား နဲ့ နှစ် (၃၀) ကြာ စောင့်စားခဲ့ရတဲ့ ပရီးမီးယားလိဂ် ဆုဖလားကို ရရှိခဲ့ပြီး ဗဟို ခံစစ်မှူး ဗန်ဒိုက်က လီဗာပူးလ်အသင်းကို ရွေးချယ်ခဲ့တာဟာ နည်းပြ ကလော့ပ်ကြောင့်ပါလို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Goal

နောက်ခံလူ ဗန်ဒိုက်က “ကျွန်တော် ချဲလ်ဆီး နဲ့ မန်စီးတီးကို ပြောင်းနိုင်တဲ့ အခွင့်အရေးတွေလည်း ရှိခဲ့ဖူးပါတယ်။ အသင်းတွေကို နှိုင်းယှဉ်တဲ့ အချိန်မှာ သူတို့ရဲ့ သမိုင်း၊ မြို့တော်၊ လက်ရှိအသင်းရဲ့ ကစားသမားတွေ နဲ့ အနာဂတ်အတွက် သူတို့ရဲ့ အစီအစဉ်ကို ကြည့်ကြပါလိမ့်မယ်။ ဒါပေမဲ့လည်း ကျွန်တော် ကြည့်တဲ့ အရေးကြီးဆုံး အရာက နည်းပြ ဖြစ်တယ်။ ကျွန်တော် လီဗာပူးလ်အသင်းကို ဘာလို့ ပြောင်းရတာလဲ ဆိုတဲ့ အကြောင်းအရင်းက နည်းပြ ဂျာဂျင် ကလော့ပ်ကြောင့် ဖြစ်ပါတယ်။ နည်းပြ ကလော့ပ်ဆီမှာ တမူထူးခြားတဲ့ အရာ ရှိတယ်။ သူ့ရဲ့ စွမ်းအားဖြစ်မလား။ သူ့ရဲ့ ပုံရိပ်များ ဖြစ်မလား။ ကျွန်တော် တစ်ခါတစ်လေ သူ ဘာလုပ်နေလဲ ဆိုတာ နဲ့ အခြားသူတွေထက် သူ ဘာကို ပိုပြီး တော်သလဲ ဆိုတာကို ထိုင်ပြီး စဉ်းစားကြည့်မိတယ်။ သူ့ရဲ့ လူစီမံခန့်ခွဲမှု ဖြစ်မယ်လို့တော့ ကျွန်တော် ထင်ပါတယ်။ ဒီနေ့ခေတ်မှာ ဒါက အခြားထက် အရေးကြီးပါတယ်”လို့ ပြောခဲ့ပါတယ်။