ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ဆွတ်ဇာလန်ကွင်းလယ်ကစားသမား ချာကာနဲ့ အင်တာမီလန်အသင်းမှာ နေရာပျောက်ဆုံးလို့နေတဲ့ စပါးကစားသမားဟောင်း ခရစ္စတီယန်အဲရစ်ဆင်တို့ကို တိုက်ရိုက်လဲလှယ်သွားဖို့အတွက် စိတ်ဝင်စားနေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာခဲ့တဲ့အပေါ် အာဆင်နယ်ဘက်ကနေ တုံ့ပြန်လို့ထားကာ သူတို့ရဲ့ Main Target က အဲရစ်ဆင်မဟုတ်ပဲ ရက်ဘူးဆာလ်ဇ်ဘာ့ဂ်အသင်းရဲ့ ဟန်ဂေရီကြယ်ပွင့်ကစားသမား ဒိုမီနစ်ဆာဘော့ဇ်လိုင်းသာဖြစ်တယ်လို့ သိရှိရပါတယ်။

Photo Credit : Transfermarket

အသက်(၂၀)အရွှယ်သာရှိသေးတဲ့ ဟန်ဂေရီလက်ရွေးစင် ကွင်းလယ်ကစားသမား ဆာဘော့ဇ်လိုင်းဟာ လတ်တလောမှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ ကြယ်ပွင့်ကစားသမားတစ်ယောက်ဖြစ်ပြီး ဆာလ်ဇ်ဘာ့ဂ်အသင်းမှာရော ဟန်ဂေရီအသင်းအတွက်ပါ ခြေစွမ်းပြလို့နေတဲ့သူဖြစ်ပါတယ်။ ဆာဘော့ဇ်လိုင်းက ဒီရာသီ ဆာလ်ဇ်ဘာ့ဂ်အသင်းအတွက် ပြိုင်ပွဲစုံ(၁၃)ပွဲအထိ ပါဝင်ကစားထားခဲ့ပြီး (၅)ဂိုး သွင်းယူထားခဲ့ကာ (၉)ဂိုးအထိတောင် ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ သူရဲ့သွင်းဂိုးပါဝင်ပတ်သက်မှုက (၁၃)ပွဲအတွင်းမှာပဲ (၁၄)ဂိုးအထိတောင် ရှိနေခဲ့ပါတယ်။

Photo Credit : Mirror

ဒီလိုစွမ်းဆောင်ရည်တွေကြောင့် သူ့ကို ဥရောပထိပ်သီး ကလပ်အသင်းပေါင်းများစွာကနေ ဝိုင်းပစ်မှတ်ထားလာခဲ့ပြီး ရီးရဲလ်မက်ဒရစ် ဘိုင်ယန်မြူးနစ် အေစီမီလန်နဲ့ အာဆင်နယ်အသင်းတွေကတော့ အဓိကပစ်မှတ်ထားနေတဲ့ အသင်းတွေအဖြစ် ရှိနေကြပါတယ်။ ဘိုင်ယန်ကတော့ ဒဏ်ရာကြောင့် အနားယူနေရတဲ့ အသင်းရဲ့ ဂျာမန်ကွင်းလယ်ကစားသမား ကင်မစ်ချ်ရဲ့နေရာအတွက် အစားထိုးချင်နေတာဖြစ်ပြီး အာဆင်နယ်ကလည်း သူတို့ရဲ့နွေရာသီစျေးကွက်အတွင်းမှာ မခေါ်ယူနိုင်ခဲ့တဲ့ လိုင်ယွန်အသင်းရဲ့ ကွင်းလယ်ကစားသမား အာဝါအစား ဆာဘော့ဇ်လိုင်းကို အစားထိုးခေါ်ယူချင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် ထိပ်သီးအသင်းတွေရဲ့ပစ်မှတ်ဖြစ်နေတဲ့ ဆာဘော့ဇ်လိုင်းကို ခေါ်ယူဖို့ဆိုတာကတော့ အတော်လေးကို ခက်ခဲဖွယ်ရှိနိုင်ပြီး ကစားသမားကိုယ်တိုင်ကတော့ အသင်းပြောင်းဖို့ အစီအစဉ်ရှိနေတဲ့အတွက် သူစိတ်တိုင်းကျမယ့်အသင်းကို ရွေးချယ်ဖွယ်ရှိနေပါတယ်။ အာဆင်နယ်အသင်းဟာ လာမယ့်ဇန်နဝါရီလအတွင်းမှာတော့ အသက်(၁၈)နှစ်သာရှိသေးတဲ့ တူနီးရှားနောက်ခံကစားသမားလေးရီကစ်ကို ဟာသာဘာလင်အသင်းကနေ ပေါင်(၉)သိန်းလောက်နဲ့ ခေါ်ယူနိုင်တော့မှာဖြစ်ပြီး ခေါ်ယူခဲ့ပြီးရင်လည်း ဟာသာဘာလင်မှာပဲ ရာသီကုန်အထိ အငှားထပ်ချသွားဖွယ် ရှိနေပါတယ်။