မာသီးယက်စ် ပေါ့ဘာကတော့ သူ့ရဲ့ ညီ မန်ယူ ကွင်းလယ်လူ ပေါလ် ပေါ့ဘာဟာ မန်ယူအသင်းအနေနဲ့ ချန်ပီယံလိဂ် မဝင်နိုင်မှာ ဖြစ်လို့ အသင်း ပြောင်းချင်နေပါတယ်လို့ ပြောသွားခဲ့ပါတယ်။ ပေါ့ဘာဟာ မန်ယူလူငယ်အသင်းမှာ ကစားခဲ့ရာကနေ ဂျုဗင်တပ်အသင်းကို (၂၀၁၂) ခုနှစ်မှာ ရောင်းချခံခဲ့ရပြီး ဂျုဗင်တပ်အသင်းမှာ (၄) နှစ်ခန့် ကစားပြီးနောက် လွန်ခဲ့တဲ့ (၂၀၁၆) ခုနှစ်က ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် (၈၉) သန်းနဲ့ မန်ယူအသင်းကို ပြန်ရောက်လာခဲ့ပါတယ်။
Photo Credit: Goal
ပေါ့ဘာဟာ မန်ယူအသင်းကို ပြန်ရောက်လာတဲ့ အချိန်မှာ ခြေစွမ်းပြသခဲ့ပေမဲ့ ဒဏ်ရာပြဿနာနဲ့ လုံပန်းနေခဲ့ရတာကြောင့် နောက်ပိုင်း ပွဲစဉ်တွေမှာ ပွဲထွက်မကစားခဲ့တော့တာ ဖြစ်ပြီး အသင်းကနေ ထွက်ချင်နေတယ်လို့ သတင်းတွေ ထွက်လာခဲ့ပါတယ်။ ပေါ့ဘာဟာ မန်ယူအသင်းက ထွက်သွားရင် ဂျုဗင်တပ်အသင်း ဒါမှမဟုတ် ရီးရဲလ်အသင်းကို ပြောင်းနိုင်ချေ ရှိနေတယ်လို့ သတင်း ထွက်နေပြီး သူ့အစ်ကို မာသီးယက်စ်က စောင့်ကြည့်ရမယ်လို့ ပြောသွားခဲ့ပါတယ်။
Photo Credit: Goal
El Chiringuito TV မှာ မာသီးယက်စ်က “ပေါ့ဘာ မန်ယူအသင်းကနေ ထွက်သွားချင်နေတာကို လူတိုင်း သိကြပါတယ်။ သူက ချန်ပီယံလိဂ် ဘောလုံး ပြိုင်ပွဲမှာ ကစားချင်ပြီး ဆုဖလားတွေကို ရရှိချင်တာပါ။ မန်ယူအသင်းမှာ ဒါတွေ မဖြစ်နိုင်ဘူး ဆိုတာကို ကျွန်တော်တို့တွေ အားလုံးလည်း သိကြပါတယ်။ လာမယ့် နွေရာသီ အပြောင်းအရွေ့ ဈေးကွက်မှာ ဘာတွေ ဖြစ်လာမလဲ ဆိုတာ ကျွန်တော်တို့ စောင့်ကြည့်သွားကြရပါလိမ့်မယ်”လို့ သတင်းထောက်တွေကို ပြောသွားပါတယ်။