MySport Myanmar

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ရာသီကြို ခြေစမ်းပွဲ ကစားသွားမယ့် ယူနိုက်တက်နဲ့ လီဗာပူးလ်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီသစ် မတိုင်ခင် ရာသီကြို ခြေစမ်းပွဲတွေကို သြစတြေးလျနိုင်ငံနဲ့ ထိုင်းနိုင်ငံတွေမှာ သွားရောက်ကစားဖို့ စီစဉ်ထားပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ ရာဇမဂ်လာကွင်းမှာ သူတို့အသင်းရဲ့ အခါးသီးဆုံး ပြိုင်ဘက်အသင်းဖြစ်တဲ့ လီဗာပူးလ်အသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်တယ်လို့ အတည်ပြု ထုတ်ပြန်လာခဲ့ပါတယ်။

Photo Credit : Man Utd

ယူနိုက်တက်အသင်းဟာ လာမယ့်ဘောလုံးရာသီသစ် မတိုင်ခင် ရာသီကြို ခြေစမ်းပွဲတွေ ယှဉ်ပြိုင်သွားဖို့ စီစဉ်ထားရာ ပွဲစဉ်(၃)ပွဲကို တရားဝင် ထုတ်ပြန်လာခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ သူတို့အသင်းရဲ့ ပထမဆုံး ခြေစမ်းပွဲအဖြစ် လီဗာပူးလ်အသင်းနဲ့ ဇူလိုင်(၁၂)ရက်နေ့ ထိုင်းနိုင်ငံမှာ ယှဉ်ပြိုင်ပြီးရင် သြစတြေးလျနိုင်ငံကို ဆက်လက်ခရီးနှင်ပြီး အေလိဂ်ကလပ် မဲလ်ဘုန်းဗစ်ထရီ ပရီးမီးယားလိဂ်ကလပ် ခရစ္စတယ်ပဲလေ့စ်အသင်းတွေနဲ့ မဲလ်ဘုန်းခရစ်ကတ်ကွင်းကြီးထဲမှာ ခြေစမ်းပွဲတွေကို ယှဉ်ပြိုင်သွားရဦးမှာ ဖြစ်ပါတယ်။ မဲလ်ဘုန်းဗစ်ထရီနဲ့ ဇူလိုင်(၁၅)ရက် ပဲလေ့စ်အသင်းနဲ့ ဇူလိုင်(၁၉)ရက်နေ့တွေမှာ ခြေစမ်းပွဲတွေကို ယှဉ်ပြိုင်စေမှာ ဖြစ်ပါတယ်။

Photo Credit : The Sun

ရာသီအကြိုမှာ ခြေစမ်းပွဲကစားဖို့ စီစဉ်ထားတဲ့ လီဗာပူးလ်အသင်းနဲ့ ဒီနှစ်ဘောလုံးရာသီအတွင်း တစ်ကြိမ် ဆုံတွေ့ထားခဲဲ့ပြီဖြစ်ပြီး အဲ့တစ်ကြိမ်မှာ ယူနိုက်တက်ကို သူတို့ရဲ့အိုးထရက်ဖို့ဒ်ကွင်းမှာ လီဗာပူးလ်က (၅)ဂိုးပြတ်နဲ့ကို အပြတ်အသတ် အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။ လာမယ့် ဧပြီလ (၁၉)ရက်နေ့မှာတော့ ယူနိုက်တက်ဟာ အန်ဖီးလ်ကွင်းမှာ လီဗာပူးလ်အသင်းနဲ့ ထိပ်တိုက်ပြန်ဆုံရဦးမှာဖြစ်လို့ လီဗာပူးလ်ကို သူတို့ရဲ့အိမ်ကွင်းမှာ ပြန်လည်ဒုက္ခပေးပြီး လီဗာပူးလ်ရဲ့ အမှတ်ပေးချန်ပီယံ မျှော်လင့်ချက်တွေကို နှောင့်ယှက်ပေးသွားနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ လက်ရှိမှာ လီဗာပူးလ်အသင်းဟာ အမှတ်ပေးဇယားထိပ်က မန်စီးတီးအသင်းနဲ့ ရမှတ်(၁)မှတ်သာ ကွာဟနေတော့တာဖြစ်လို့ မန်စီးတီးနဲ့ ထိပ်တိုက်ဆုံရဦးမယ့် ပွဲစဉ်အပါအဝင် လက်ကျန်ပွဲအားလုံးကို အမှားမခံစတမ်း ယှဉ်ပြိုင်သွားရတော့မှာ ဖြစ်ပါတယ်။ ယူနိုက်တက်ကတော့ လက်ရှိမှာ ဖလားလက်မဲ့ရာသီကို ထပ်မံဖြတ်ကျော်ရတော့မှာ ဖြစ်တဲ့အပြင် အဆင့်(၆)နေရာကိုပါ ရောက်ရှိနေတဲ့အတွက် ချန်ပီယံလိဂ်ဝင်ခွင့် ရယူနိုင်အောင် အကြိတ်အနယ် ယှဉ်ပြိုင်ရတော့မှာပဲ ဖြစ်ပါတယ်။

Exit mobile version