ဘောလုံးအသင်းတစ်သင်းအတွက် ဘောလုံးရာသီတစ်ခုလုံးမှာ ဝတ်ဆင်သွားရမယ့် အိမ်ကွင်းအဝေးကွင်းဝတ်စုံတွေဆိုတာ ကစားသမားတွေအတွက်ရော အဲ့ဒီအသင်းကို အားပေးတဲ့ ပရိသတ်တွေအတွက်သာမက အဲ့ဒီအသင်းအတွက်ကိုလည်း ဝတ်စုံရောင်းရငွေတွေကြောင့် အသင်းရဲ့ဘတ်ဂျက်ကို တိုးတတ်လာစေနိုင်ပါတယ်။ ဒါကြောင့်မို့ ဘောလုံးအသင်းတိုင်း အခုရာသီမကုန်ဆုံးခင်မှာပဲ လာမယ့်ဘောလုံးရာသီအတွက် အိမ်ကွင်းအဝေးကွင်း ဝတ်စုံဒီဇိုင်းအသစ်တွေကို နာမည်ကျော် အားကစားကုမ္မဏီကြီးတွေနဲ့ ပူးပေါင်းပြီး ဖန်တီးထုတ်လုပ်နေကြတာပဲဖြစ်ပါတယ်။

လက်ရှိမှာတော့ ကိုရိုနာဗိုင်းရပ်စ်ပြသာနာကြောင့် ဘောလုံးရပ်ဝန်းနဲ့ ပတ်သက်သမျှအရာတွေကို အားလုံးဆိုင်းငံထားလို့ လက်ရှိဘောလုံးရာသီအတွက်တောင် ချန်ပီယံတွေ တန်းဆင်းရမယ့်အသင်းတွေ အဖြေမထွက်သေးသလို လာမယ့်ဘောလုံးရာသီအတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေမှာလည်း မလုပ်ဆောင်ရသေးပဲ ဖြစ်နေပါတယ်။ ဒါပေမယ့် လာမယ့် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ ဝတ်ဆင်ကြမယ့် ဘောလုံးအသင်းတွေရဲ့ အိမ်ကွင်းဝတ်စုံဒီဇိုင်းတွေကတော့ အင်တာနက်စာမျက်နှာတွေပေါ်မှာ ပျံနှံလို့နေပြီး အဲ့ဒီထဲမှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အိမ်ကွင်းဝတ်စုံဒီဇိုင်းလည်း ပါဝင်နေပါတယ်။

တရားဝင်ထွက်ပေါ်လာတဲ့ ဓါတ်ပုံတွေ မဟုတ်ဘူးဆိုပေမယ့်လည်း ဒီဓါတ်ပုံတွေက တကယ့်ဝတ်စုံဒီဇိုင်းတွေ ထွက်လာတဲ့အခါမှာ မှန်ကန်နေတတ်တဲ့ သာဓကတွေကတော့ များစွာရှိထားခဲ့ဖူးပါတယ်။ နော်ဝေအခြေစိုက် ဖေ့စ်ဘုတ်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Busby Babes Norge ကနေ ဖော်ပြလာခဲ့တဲ့ ယူနိုက်တက်အသင်းရဲ့ အိမ်ကွင်းဝတ်စုံသစ်ပုံအရ အသင်းရဲ့ အဓိကအရောင်ဖြစ်တဲ့ အနီရောင်ပေါ်မှာ အမည်းနဲ့အဝါ လေးထောင့်ကွက်သေးသေးလေးတွေကို ခပ်စိတ်စိတ်လေး ပုံဖော်ထားပြီး အဲ့ဒီဒီဇိုင်းကြောင့်ပဲ ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ် စိတ်ညစ်သွားစေခဲ့တာဖြစ်ပါတယ်။ အွန်လိုင်းပေါ်မှာ ပျံနှံနေတဲ့ ယူနိုက်တက်ရဲ့ အိမ်ကွင်းဝတ်စုံသစ်ပုံစံကို ယူနိုက်တက်ပရိသတ်တွေက ဝေဖန်ပြစ်တင်နေကြပြီး အမည်းနဲ့အဝါလေးထောင့်ကွက်တွေက ဘတ်စ်ကားထိုင်ခုံဒီဇိုင်းကို တုပထားသယောင်တောင် ဖြစ်နေတယ်လို့ မှတ်ချက်ပြုဝေဖန်ထားခဲ့ပါတယ်။ လည်ပင်းကို V-shaped ပုံစံ ဖော်ဆောင်ထားတဲ့ ယူနိုက်တက်အသင်းရဲ့ အိမ်ကွင်းဝတ်စုံသစ်ကို ကမ္ဘာကျော်အားကစားကုမ္မကြီး Addis က ဒီဇိုင်းရေးဆွဲထားတာပဲဖြစ်ပါတယ်။