မန်ယူ ကစားသမားဟောင်း ဂယ်ရီ နဗီးလ်ကတော့ မန်ယူအသင်းရဲ့ ကွင်းလယ်ဟာ အရင်က သနားစရာ ကောင်းခဲ့ပေမဲ့လည်း အခုတော့ အကောင်းဆုံး ဖြစ်ခါနီးပြီးလို့ ပြောသွားခဲ့ပါတယ်။ မန်ယူအသင်းဟာ လက်ရှိမှာ ကွင်းလယ် ကစားသမားအဖြစ် တွန်မီနေး၊ ဖရက်၊ ဖာနန်ဒက်စ်၊ ပေါ့ဘာ နဲ့ မာတစ်တို့ကို ပိုင်ဆိုင်ထားပြီး ကွင်းလယ် အင်အားတောင့်နေတယ်လို့ ပြောရမှာပါ။ မန်ယူအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပွဲစဉ်မှာ မန်စီးတီးအသင်းကို (၂-ဝ) ရလဒ်နဲ့ အနိုင်ရ ရှိခဲ့တာကြောင့် ပြိုင်ပွဲစုံ (၁၀) ပွဲဆက် ရှုံးပွဲ မရှိဘဲ ပုံစံကောင်းတွေ ပြသနေပြီပဲ ဖြစ်ပါတယ်။

Photo Credit: Goal

ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ မနေ့ညက မန်စီးတီးအသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ မာရှယ်ရဲ့ အဖွင့်ဂိုးအတွက် ဖန်တီးပေးခဲ့ပြီး ကွင်းလယ်လူ တွန်မီနေးက အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ မန်ယူအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပွဲစဉ်မှာ ကွင်းလယ် ကစားသမားတွေရဲ့ ဂိုးဖန်တီးမှု နဲ့ သွင်းဂိုးကြောင့် မန်ချက်စတာဒါဘီပွဲစဉ်မှာ မန်စီးတီးအသင်းကို အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ဒါကြောင့်မို့လို့လည်း မန်ယူ ကစားသမားဟောင်း နဗီးလ်က မန်ယူအသင်းရဲ့ ကွင်းလယ်ပိုင်း ကောင်းလာတာကို ချီးကျူးခဲ့ပြီး အရင်က မရှိခဲ့ဖူးတဲ့ ကွင်းလယ်ပါလို့ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Goal

Sky Sports မှာ နဗီးလ်က “ကျွန်တော် ယူနိုက်တက်အသင်းရဲ့ ကွင်းလယ် အကြောင်းတွေကို တွေးခဲ့မိပါတယ်။ တစ်ကမ္ဘာလုံး မန်ယူ ပရိသတ်တွေက လွန်ခဲ့တဲ့ (၁၈) လအတွင်းမှာ မန်ယူ အသင်းရဲ့ ကွင်းလယ်က သနားစရာ ကောင်းတယ်လို့ ပြောကြမယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမဲ့ အခု တွန်မီနေးကို ကြည့်ရင်၊ ဖရက်ကို ကြည့်ရင်၊ ခြားနားတဲ့ ကစားသမား မာတစ်ကို ကြည့်ရင်၊ ဖာနန်ဒက်စ်ကို ကြည့်ရင် ရုတ်တရက်ဆိုသလိုပဲ မန်ယူအသင်းက အရင်က မရှိခဲ့တဲ့ ကွင်းလယ်ကို ပိုင်ဆိုင်နေပါတယ်။ သူတို့တွေက လွန်ခဲ့တဲ့ (၈) နှစ်အတွင်းမှာ မန်ယူအသင်းရဲ့ အကောင်းဆုံး ကွင်းလယ် အုပ်စုတွေလား။ မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့က အဲဒီလို ဖြစ်လာဖို့ အတော် နီးစပ်နေပါပြီ။ သူတို့က မန်ယူမှာ ကစားချင်ကြပါတယ်”လို့ ပြောကြားသွားပါတယ်။