ပြင်သစ်လီဂူးပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ ပီအက်စ်ဂျီအသင်းကတော့ အသင်းရဲ့ ဝါရင့်ဂိုးသမားကြီးဖြစ်သူ ကေလာနာဗက်စ်ရဲ့နေရာမှာ အစားထိုးသွားဖို့အတွက် လက်ရှိအချိန်မှာ အနာဂတ်မရေမရာ ဖြစ်လို့နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ စပိန်ဂိုးသမား ဒေးဗစ်ဒီဂီယာကို စတင်ပစ်မှတ်ထားလာခဲ့တယ်လို့ ဗြိတိန်သတင်းစာ The Sun ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Sky Sports

ပီအက်စ်ဂျီအသင်းရဲ့ လက်ရှိဂိုးသမားဖြစ်တဲ့ ကော်စတာရီကာလက်ရွေးစင် ဂိုးသမား ကေလာနာဗက်စ်ဟာ လက်ရှိမှာ အသက်(၃၄)နှစ်အရွှယ်ရှိပြီဖြစ်တာကြောင့် နာဗက်စ်ရဲ့နေရာမှာ ရေရှည်အစားထိုးသွားဖို့အတွက် ဂိုးသမားတစ်ဦးကို ရှာဖွေနေရာ အနာဂတ်မရေမရာ ဖြစ်လို့နေတဲ့ ယူနိုက်တက်အသင်းရဲ့ ဂိုးသမားဖြစ်သူ ဒီဂီယာကို ပစ်မှတ်ထားလာခဲ့တယ်လို့ သိရှိရပါတယ်။ အသက်(၃၀)အရွှယ်ရှိ စပိန်လက်ရွေးစင် ဂိုးသမား ဒီဂီယာဟာ ယူနိုက်တက်အသင်းမှာ ဆယ်စုနှစ်တစ်ခုနီးပါး ပါဝင်ကစားခဲ့သူဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ သူရဲ့အနာဂတ်အခြေအနေတွေက လှုပ်ခတ်လျက်ရှိနေပြီး လာမယ့်နွေစျေးကွက်မှာပဲ အသင်းနဲ့ လက်တွဲဖြုတ်ဖွယ် ရှိနေတယ်လို့ ကောလဟာလတွေ ထွက်ပေါ်လျက်ရှိပါတယ်။

Photo Credit : Daily Mail

ဒေးဗစ်ဒီဂီယာဟာ ဒီနှစ်ဘောလုံးရာသီမှာ အသင်းရဲ့နံပါတ်တစ်နေရာအတွက် အသင်းဖော်ဂိုးသမား ဒင်းဟန်ဒါဆန်နဲ့အပြိုင် ဖြစ်နေပေမယ့် ဟန်ဒါဆန်ထက် ပွဲထွက်ခွင့်တွေ ပိုမိုရရှိနေသူဖြစ်ပြီး ဒီရာသီအတွင်း ပြိုင်ပွဲစုံ(၂၉)ပွဲအထိကို ပါဝင်ကစားထားခဲ့ရပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ ယူနိုက်တက်အသင်းက အေစီမီလန်အသင်းရဲ့ အီတလီဂိုးသမားဖြစ်သူ ဒွန်နာရမ်မာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖွယ်ရှိနေပြီး ဒီဂီယာနဲ့ ဒင်းဟန်ဒါဆန် တစ်ဦးဦးကို ပြန်လည်ရောင်းချဖွယ် ရှိနေတာကြောင့် အနာဂတ် မရေမရာ ဖြစ်လာခဲ့တဲ့ ဒီဂီယာကို ပီအက်စ်ဂျီအသင်းဘက်ကနေ စတင်ပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ စပါးအသင်းရဲ့ ပြင်သစ်ဂိုးသမားကြီး ဟူဂိုလိုရစ်ကိုလည်း ပစ်မှတ်ထားခဲ့ပေမယ့် လက်ရှိမှာတော့ လိုရစ်ထက် ဒီဂီယာကိုသာ ပြောင်းလဲပစ်မှတ်ထားလာခဲ့သလို ဒီဂီယာရဲ့ လက်ရှိ တစ်ပတ်လုပ်ခဖြစ်တဲ့ ပေါင်(၃၇၅၀၀၀)ကိုပါ ပေးချေသွားဖို့ကိုပါ အဆင်သင့်ရှိနေတယ်လို့ သိရှိရပါတယ်။ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကလည်း ဒီဂီယာထက် ဒင်းဟန်ဒါဆန်ကိုသာ အသင်းမှာ ဆက်လက်ထိန်းသိမ်းထားချင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး လာမယ့်နွေစျေးကွက်အတွင်းမှာတော့ အသင်းရဲ့ဂိုးသမား(၂)ယောက်ထဲကမှ (၁)ယောက်ကို မဖြစ်မနေ ရောင်းချသွားရဖွယ် ရှိနေပါတယ်။