ဘောလုံးအသင်းတစ်သင်းအတွက် နာမည်ကျော် ထိပ်သီးကစားသမားတွေကို အသင်းဆီ ရောက်ရှိလာအောင် ကြိုးပမ်းဖို့လိုအပ်နေသလို အသင်းရဲ့ရှေ့ရေးအတွက် အရည်အသွေးမြင့်မားလှတဲ့ လူငယ်ကစားသမားလေးတွေဘက်မှာပါ ရင်းနှီးမြှပ်နှံမှုတွေကိုပါ မဖြစ်မနေ လုပ်ဆောင်ရတတ်ပါတယ်။ ပြောင်းရွှေ့ကြေးအနည်းငယ်နဲ့ အသင်းကို ရောက်လာတတ်တဲ့ လူငယ်လေးတွေဟာ သူတို့အရွှယ်ရောက်လာချိန်မှာ စီနီယာအသင်းကြီးအတွက်ပါ အထောက်အပံ့ကောင်းတွေ ဖြစ်လာတတ်သလို နောက်ဆုံး အသင်းကနေ ထွက်ခွာတော့မယ်ဆိုရင် အသင်းအတွက် ပြောင်းရွှေ့ကြေးကို အမြတ်များများ ရစေနိုင်တတ်ပါတယ်။

Photo Credit : The Sun

ဒီလို လူငယ်စျေးကွက်တွေ အလုပ်ဖြစ်နေချိန်မှာ မန်ချက်စတာယူနိုက်တက်အသင်းကလည်း ဘာစီလိုနာအသင်းရဲ့ လာမာစီယာအကယ်ဒမီကနေ မွေးထုတ်လိုက်တဲ့ မက်ဟူရာဒိုဆိုတဲ့ ဆယ်ကျော်သက်အရွှယ် လူငယ်ကစားသမားလေးကို ပြောင်းရွှေ့ကြေး ပေါင်(၁.၅)သန်းခန့်နဲ့ ခေါ်ယူလိုက်ပါတယ်။ ဘယ်လာရင်လက်သစ်လို့ တင်စားခေါ်ဆိုခံထားရတဲဲ့ ဟူရာဒိုကို ဘာစီလိုနာအသင်းကနေ နှစ်ရှည်စာချုပ်သစ်တစ်ရပ် ကမ်းလှမ်းခဲ့ပေမယ့်လည်း ဟူရာဒိုကတော့ ပယ်ချခဲ့ပြီး ယူနိုက်တက်အသင်းနဲ့ ပူးပေါင်းဖို့ကိုပဲ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

Photo Credit : The Sun

လက်ရှိမှာ အသက်(၁၆)နှစ်အရွှယ်သာရှိတဲ့ ဟူရာဒိုဟာ ငယ်စဉ်ကတည်းက သူရဲ့အရည်အချင်းကောင်းတွေကို ထုတ်ဖော်ပြသခဲ့ဖူးသူဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၁၃ခုနှစ်တုန်းက ဘာစီလိုနာ ယူ-၁၀အသင်းမှာ ပါဝင်ကစားနေစဉ်အတွင်း ပွဲစလို့ (၅)စက္ကန့်အကြာမှာပဲ သွင်းဂိုးရယူနိုင်ခဲ့တာကြောင့် အသက်အငယ်ဆုံးနဲ့ အမြန်ဆုံးသွင်းဂိုးကို သွင်းယူနိုင်အဖြစ် မှတ်တမ်းဝင်ခဲ့ရပါတယ်။ ညာခြမ်းခံစစ်နေရာမှာ ပါဝင်ကစားတတ်သူဖြစ်တဲ့ ဟူရာဒိုဟာ တိုက်စစ်ကို လိုက်ပါရမှာ အထူးကျွမ်းကျင်လာသူအဖြစ် သတ်မှတ်ခံထားရတဲ့အပြင် သူရဲ့ကစားဟန်ကြောင့် အာဆင်နယ်အသင်းရဲ့ စပိန်ညာနောက်ခံလူ ဟက်တာဘယ်လာရင်နဲ့ပါ ခိုင်းနှိုင်းခံထားရတာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ လက်ရှိ အသင်းရဲ့ ညာခြမ်းခံစစ်မှာ အာရွန်ဝမ်ဘစ်ဆာခါနဲ့ ဒါလော့တို့လို ကစားသမားကောင်းတွေရှိနေတာမို့ ကစားသမားသစ်လေး ဟူရာဒိုအနေနဲ့ ယူနိုက်တက် ယူ-၁၈အသင်းမှာသာ စတင်ပါဝင်ကစားရဖွယ် ရှိနေပါတယ်။