ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဘိုင်ယန်မြူးနစ်အသင်းရဲ့ တိုက်စစ်ကစားသမား ရောဘတ်လီဝန်ဒေါစကီးက သူဟာ မန်ချက်စတာယူနိုက်တက်အသင်းဆီကို ရောက်ရှိလာဖို့ အလွန်နီးစပ်ခဲ့ဖူးတယ်လို့ ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။ လီဝန်ဒေါစကီးလိုပဲ ယူနိုက်တက်အသင်းဆီကို ရောက်ရှိလာဖို့ အရမ်းကို နီးစပ်ခဲ့ဖူးတဲ့ ကစားသမားတွေဟာလည်း အများကြီးကို ရှိခဲ့ပါတယ်။ အထူးသဖြင့်တော့ ယူနိုက်တက်မှာ ဆာအဲလက်စ်ဖာဂူဆန် ကိုင်တွယ်နေချိန်တုန်းက အသင်းကို ရောက်လာဖို့ နီးစပ်ခဲ့တဲ့ ကစားသမား အရေအတွက်က တော်တော်လေးကို များပြားပါတယ်။ သူတို့တွေထဲက ကစားသမားတချို့ကို ဖော်ပြပေးသွားချင်ပါတယ်။

ရော်နယ်ဒင်ဟို

Photo Credit : The Sun

ယူနိုက်တက်အသင်းကနေ ဒေးဗစ်ဘက်ခမ်း ထွက်ခွာသွားတဲ့အချိန်မှာ သူရဲ့နေရာကို အစားထိုးသွားဖို့အတွက် ပီအက်စ်ဂျီအသင်းရဲ့ ဘရာဇီးကြယ်ပွင့် ရော်နယ်ဒင်ဟိုကို ခေါ်ယူဖို့အတွက် ယူနိုက်တက်တို့ ကြိုးပမ်းလာခဲ့ရာ အခြေအနေကောင်းတစ်ခုကို ရောက်ရှိခဲ့ရပေမယ့်လည်း အဆုံးသတ်မှာတော့ အပြောင်းအရွှေ့က ပျက်ပြယ်သွားခဲ့ရပါတယ်။ ဖာဂူဆန်ကတော့ ဒီအပြောင်းအရွှေ့ မဖြစ်ပေါ်ခဲ့ရတာ အဲ့ဒီအချိန်က အသင်းရဲ့အမှုဆောင်ချုပ်ဖြစ်တဲ့ ပီတာကင်ယွန်ရဲ့အားနည်းချက်ကြောင့်လို့ ရှင်းလင်းပြောဆိုထားခဲ့ပါတယ်။

အာဂျန်ရော်ဘင်

Photo Credit : The Sun

နယ်သာလန်တောင်ပံ ကစားသမားရော်ဘင်ဟာလည်း PSV အသင်းမှာ ပါဝင်ကစားနေစဉ်အတွင်း ယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့လို့ ဖာဂူဆန်နဲ့ပါ ညစာအတူစားသုံးရင်း ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ရတဲ့အပြင် အသင်းရဲ့ လေ့ကျင့်ရေးကွင်းကို လည်ပတ်ခွင့်ပါ ရရှိခဲ့ပေမယ့်လည်း အင်္ဂလန်ကနေ နယ်သာလန်ဆီကို ပြန်သွားတဲ့အခါမှတော့ ယူနိုက်တက်ဘက်ကနေ အပြောင်းအရွှေ့ကိစ္စကို ရှေ့ဆက်မတိုးခဲ့တာလို့ ရော်ဘင်ကိုယ်တိုင် ဖွင့်ဟပြောဆိုထားခဲ့ပါတယ်။

ဇီဒန်း

Photo Credit : The Sun

လက်ရှိရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းဟာလည်း ကစားသမားဘဝတုန်းက ဖာဂူဆန်လက်အောက်မှာ လာရောက်ကစားဖို့ နီးစပ်ခဲ့ဖူးပါသေးတယ်။ အဲ့ဒီအချိန်တုန်းက ဇီဒန်းဟာ ဘော်ဒိုးအသင်းမှာ ပါဝင်ကစားနေချိန်ဖြစ်ပြီး ယူနိုက်တက်ရဲ့ကင်းထောက်ချုပ်က ဇီဒန်းရဲ့စွမ်းရည်တွေကို သဘောကျလို့ အသင်းဆီ တင်ပြခဲ့ချိန်မှာ ဖာဂူဆန်က ဇီဒန်းရဲ့ခြေစွမ်းကို သဘောကျခဲ့ပေမယ့်လည်း အသင်းမှာ ဇီဒန်းနဲ့ ကစားတဲ့ နေရာချင်းတူနေတဲ့ ကန်တိုနာလည်း ရှိနေသေးတဲ့အတွက် နောက်ဆုံးမှာတော့ ဇီဒန်းကို ခေါ်ယူမယ့်ကိစ္စကို ပယ်ဖျက်လိုက်ရတာဖြစ်ပါတယ်။

ဆက်လက်ဖော်ပြပေးသွားပါဦးမယ်…