မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဆယ်ကျော်သက်အရွယ် တောင်ပံကစားသမားလေး အလက်ဂျန်ဒရိုဂါနာချိုဟာ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့ရတဲ့ ရှာရစ်အသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့ပြီးနောက် အခုဆိုရင် ယူနိုက်တက်ဘက်က ဂါနာချိုကို ကာလရှည် စာချုပ်သက်တမ်း တိုးမြှင့်သွားဖို့ပါ စီစဉ်နေပြီလို့ သိရပါတယ်။
Photo Credit : The Sun
အသက်(၁၈)နှစ်အရွယ်သာ ရှိနေသေးတဲ့ အာဂျင်တီးနား လူငယ်ကြယ်ပွင့်လေး ဂါနာချိုဟာ ပြီးခဲ့တဲ့ရာသီမှာကတည်းက ယူနိုက်တက် စီနီယာအသင်းအတွက် စတင် ကစားခွင့် ရရှိခဲ့တာဖြစ်ပေမယ့် ပွဲထွက်ကစားသမားအဖြစ်နဲ့တော့ မကစားခဲ့ရပဲ မိနစ်အနည်းငယ်လေးသာ လူစားဝင် ကစားခဲ့ရပါတယ်။ ဒီရာသီမှာလည်း unused substitute အဖြစ်နဲ့သာ ပါဝင်နေခဲ့ရတဲ့ ဂါနာချိုဟာ ရှာရစ်ဖ်နဲ့ ယူရိုပါလိဂ်ပွဲမှာပဲ နည်းပြတန်ဟက်ဂ်ရဲ့ အခွင့်အရေးပေးမှုကြောင့် ပွဲထွက်ကစားသမားအဖြစ် ပထမဆုံးအကြိမ် ပါဝင်လာခဲ့ရပြီး ယူနိုက်တက်ပရိသတ်တွေ စိတ်ကျေနပ်အောင် ကစားပြနိုင်ခဲ့ပါတယ်။
Photo Credit : Manchester Evening News
ပြီးခဲ့တဲ့ရာသီက ယူနိုက်တက် လူငယ်အသင်းမှာ ပါဝင်ခဲ့ရင်း အသင်းအတွက် လူငယ်အက်အေဖခလားကို ရယူပေးခဲ့ရင်းနဲ့ တစ်နှစ်တာရဲ့ အကောင်းဆုံး လူငယ်ကစားသမားဆုကိုပါ ဆွတ်ခူးခဲ့ရတဲ့ ဂါနာချိုဟာ ယူနိုက်တက် စီနီယာအသင်းနဲ့ ပူးပေါင်းခွင့် ရရှိလာခဲ့သလို အသင်းပရိသတ်တွေကလည်း ဂါနာချိုကို ယူနိုက်တက်အတွက် ပါဝင်ကစားပေးစေချင်နေပါတယ်။ လက်ရှိမှာ အသင်းနဲ့အတူ ပွဲကစားခွင့်တွေ ရရှိလာခဲ့တဲ့ ဂါနာချိုက လာမယ့် ၂၀၂၃ခုနှစ် ဇူလိုင်လမှာပဲ သူရဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်လို့ ယူနိုက်တက်ဘက်က (၅)နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုသွားဖို့ စီစဉ်နေတဲ့အပြင် ရှေ့လာမယ့် ပွဲစဉ်တွေမှာပါ အလျဉ်းသင့်သလို အသုံးပြုသွားဖို့ပါ ဆန္ဒရှိနေပါတယ်။ မနက်ဖြန်မှာ ဝက်စ်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာပါ ဂါနာချိုကို ပွဲထွက်ကစားသမား ဒါမှမဟုတ် မိနစ်အနည်းငယ်ခန့်လောက် အသုံးပြုသွားဖို့ထိပါ ယူနိုက်တက်ဘက်က စီစဉ်ထားတယ်လို့လည်း သိရပါတယ်။ ဂါနာချိုကိုယ်တိုင်ကလည်း သူလေးစားအားကျရတဲ့ သူရဲ့idol ရော်နယ်လ်ဒိုနဲ့ တွဲဖက်ကစားရတာကြောင့် ယူနိုက်တက်မှာ ဆက်လက်ရှိနေဖို့ ဆန္ဒရှိနေမှာဖြစ်လို့ ယူနိုက်တက်ရဲ့ စာချုပ်ကမ်းလှမ်းမှုကိုပါ လက်ခံဖွယ် ရှိနေပါတယ်။