မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ၁၉၉၉ခုနှစ်တုန်းက ဆုဖလား(၃)လုံးအထိ ရယူနိုင်ခဲ့တဲ့ တိုက်စစ်ကစားသမားဟောင်းကြီး တက်ဒီရှာရင်ဂမ်က ယူနိုက်တက်အသင်းအနေနဲ့ ဒီနှစ်ဘောလုံးရာသီမှာ တိုက်စစ်မှူးအန်တိုနီမာစီယဲလ်ကို နံပါတ်(၉)နေရာဖြစ်တဲ့ အထောင်တိုက်စစ်နေရာမှာသာ ဆက်လက်သုံးစွဲနေဦးမယ်ဆိုရင်တော့ ဘာဆုဖလားအောင်မြင်မှုကို မျှော်လင့်လို့ရမှာမဟုတ်ဘူးလို့ သူရဲ့ထင်မြင်ချက်တွေကို ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Daily Mail

ယူနိုက်တက်တိုက်စစ်မှူးဟောင်းကြီး ရှာရင်ဂမ်က အသင်းရဲ့အထောင်တိုက်စစ်နေရာမှာ မာစီယဲလ်ကို အမြဲအသုံးပြုနေတာထက် ပိုပြီးအရည်အသွေးရှိတဲ့ တိုက်စစ်မှူးကောင်းတစ်ယောက်ကို စျေးကွက်မပိတ်သိမ်းခင်မှာ ခေါ်ယူအားဖြည့်သင့်တယ်လို့ အကြံပြုပြောဆိုလိုက်ပါတယ်။ ရှာရင်ဂမ်က “မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အန်တိုနီမာစီယဲလ်ကိုသာ နံပါတ်(၉)နေရာမှာ ဆက်လက်ပြီး သုံးစွဲနေဦးမယ်ဆိုရင်တော့ ဘာဆုဖလားတွေမှ ရလိမ့်မှာမဟုတ်ဘူး။ သင်အနေနဲ့ ယူနိုက်တက်လို အသင်းကြီးမျိုးမှာ ကစားရနေပြီဆိုရင် တစ်ရာသီအတွင်းမှာ ဂိုး(၂၀)လောက် သွင်းယူနိုင်တာ မဆိုးဘူးလို့ ပြောရနိုင်ပေမယ့်လည်း”

Photo Credit : Premier League

“တစ်ရာသီထဲမှာ (၃၀) (၃၅)ဂိုးလောက်အထိကို သွင်းယူနိုင်မယ်ဆိုရင်တော့ အရမ်းကို ကောင်းမွန်နေမှာလေ။ မာစီယဲလ်က ဒီလိုတိုက်စစ်မှူးမျိုး ဖြစ်လာနိုင်မလားဆိုတာကတော့ ကျွန်တော်လည်း သေချာမသိဘူး” လို့ မှတ်ချက်ပြုပြောဆိုသွားခဲ့ပါတယ်။ ရှာရင်ဂမ်ကတော့ ယူနိုက်တက်အသင်းအနေနဲ့ အထောင်တိုက်စစ်နေရာအတွက် ကစားသမားသစ်ခေါ်ယူဖို့ လိုအပ်လိမ့်မယ်လို့ သတိပေးခဲ့သလို အသင်းမှာ အရည်အသွေးမြင့်တဲ့ ကစားသမားတွေ စုစည်းလို့နေပေမယ့် ဒီကစားသမားတွေက အသင်းကို ဆုဖလားချန်ပီယံဖြစ်စေနိုင်မယ့် ထိပ်တန်းအဆင့်ရှိ ကစားသမားတွေ မဖြစ်လာသေးလို့ အသင်းအတွက် Top Players တွေကို ငွေကြေးသုံးစွဲမှုများစွာနဲ့ ခေါ်ယူသွားသင့်တယ်လို့ အကြံပြုသွားခဲ့ပါတယ်။ လက်ရှိမှာတော့ ယူနိုက်တက်အသင်းဟာ အေဂျက်စ်အသင်းရဲ့ နယ်သာလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဒွန်နီဗန်ဒယ်ဘိခ်တစ်ဦးတည်းကိုသာ ခေါ်ယူထားခဲ့ပြီး နောက်ထပ်ခေါ်ယူမှုတွေကို အခုထိ ဆက်လက်လုပ်ဆောင်နိုင်ခြင်း မရှိသေးတဲ့အတွက် အသင်းရဲ့ပရိသတ်တွေကပါ စိတ်ပျက်လျက်ရှိနေကြပါတယ်။