နွေရာသီ ကစားသမားအပြောင်းအရွှေ့က အောက်တိုဘာလ(၅)ရက်နေ့မှာ တရားဝင်ပိတ်သွားခဲ့တယ်ဆိုပေမယ့် အင်္ဂလန်နိုင်ငံအတွင်းမှာတော့ ပရီးမီးယားလိဂ်နဲ့ တခြားသော လိဂ်ချန်ပီယံရှစ် လိဂ်ဝမ်း လိဂ်တူးပြိုင်ပွဲတွေကြားမှာ အပြောင်းအရွှေ့တွေက ထပ်မံလုပ်ဆောင်နိုင်သေးတာမို့ ညာတောင်ပံတိုက်စစ်အတွက် စီနီယာကစားသမားတစ်ယောက် လိုအပ်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ချန်ပီယံရှစ်ကလပ် ဝက်ဖိုဒ့်အသင်းရဲ့ တောင်ပံကစားသမား ဆားလ်ကို ခေါ်ယူနိုင်ဖို့ အခွင့်အရေးရှိခဲ့ပေမယ့်လည်း ကမ်းလှမ်းမှုတွေ ထပ်မံပြုလုပ်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။

Photo Credit : Evening Standard

ယူနိုက်တက်အသင်းဟာ နွေစျေးကွက်ရဲ့နောက်ဆုံးနေ့ရက်မှာ တိုက်စစ်မှူးကြီးကာဗာနီ ဘယ်နောက်ခံလူတဲလက်စ် အတ္တလန်တာလူငယ်ကြယ်ပွင့်လေး အာမတ်ထရာအိုရေးနဲ့ ဥရုဂွေးကလပ် ပင်နဲရိုးလ်အသင်းရဲ့ လူငယ်ကစားသမားလေး ပယ်လီစထရီတို့ကိုပဲ ခေါ်ယူထားခဲ့ပြီး ကာဗာနီနဲ့တဲလက်စ်တို့နှစ်ယောက်သာ စီနီယာအသင်းအတွက် ချက်ချင်းသုံးလို့ရမှာဖြစ်ကာ ကျန်တဲ့နှစ်ယောက်ထဲက ထရာအိုရေးက အလုပ်ပါမစ်ကိစ္စတွေကြောင့် ဇန်နဝါရီလမှသာ အသင်းနဲ့ ပူးပေါင်းနိုင်မှာဖြစ်သလို ပယ်လီစထရီကလည်း လူငယ်အသင်းမှာသာ ပါဝင်ကစားရမှာဖြစ်ပါတယ်။

Photo Credit : Goal

ယူနိုက်တက်အသင်းဟာ ညာတောင်ပံနေရာအတွက် စီနီယာကစားသမားတစ်ယောက်ကို ခေါ်ယူဖို့အတွက် ဂျေဒန်ဆန်ချိုနဲ့ အူစမန်ဒမ်ဘီလီတို့ကို ပစ်မှတ်ထားခဲ့ပေမယ့်လည်း ဒီကစားသမား(၂)ယောက်လုံးကို မခေါ်ယူနိုင်ခဲ့တဲ့အပြင် Plan C အဖြစ် သတ်မှတ်လို့ထားတဲ့ ဆီနီဂေါတောင်ပံကစားသမား အစ္စမိုင်လာဆားလ်ကိုလည်း အငှားနဲ့ခေါ်ယူဖို့ ကြိုးပမ်းထားခဲ့ပေမယ့် ဝက်ဖိုဒ့်ဘက်ကတော့ သူတို့ကစားသမားကို အပြီးသတ်ရောင်းချချင်နေတာကြောင့် အပြောင်းအရွှေ့က အထမမြောက်ပဲ ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် အင်္ဂလန်ပြည်တွင်းမှာ အောက်တိုဘာလ (၆)ရက်နေ့ ဒေသစံတော်ချိန် (၅)နာရီအထိ ကစားသမားအပြောင်းအရွှေ့တွေကို ဆက်လက်လုပ်ဆောင်ခွင့် ရရှိသေးတာကြောင့်မို့ ယူနိုက်တက်ဘက်ကနေ ဆားလ်ကို ကမ်းလှမ်းဖြစ်လာနိုင်ဖွယ်ရှိတယ်ဆိုပြီး မီဒီယာတွေကနေ ဖော်ပြခဲ့ကြပေမယ့် ယူနိုက်တက်က ဆားလ်ကို ထပ်မံကမ်းလှမ်းခြင်းမရှိတော့ပဲ သူတို့ရဲ့နွေရာသီ လူခေါ်ယူမှုကို အဆုံးသတ်ခဲ့ပါတယ်။ လက်ရှိမှာတော့ ယူနိုက်တက်က ညာတောင်ပံအခြမ်းမှာ မေဆန်ဂရင်းဝုဒ်နဲ့ ဒင်နီရယ်ဂျိမ်းစ်တို့ကို အလှည့်ကျသုံးစွဲသွားဖွယ်ရှိနေသလို ကာဗာနီရောက်လာခဲ့လို့ မာစီယဲလ်လည်း တောင်ပံမှာ ထွက်ကစားရဖွယ် ရှိလာနိုင်ပါတယ်။