နွေရာသီ ဘောလုံးသမားအပြောင်းအရွှေ့စျေးကွက်ရဲ့ နောက်ဆုံးနေ့ရက်မှာ ဥရုဂွေးကလပ် ပင်နဲရိုးလ်အသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ကြေး ယူရို(၁၀)သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ လူငယ်တောင်ပံကစားသမားလေး ဖာကွန်ဒိုပယ်လစ်စထရီက သူ့ကို ပြင်သစ်လီဂူးကလပ် လိုင်ယွန်အသင်းကနေ ကမ်းလှမ်းမှုတွေ စတင်ပြုလုပ်ခဲ့ပေမယ့်လည်း ယူနိုက်တက်အသင်းက နောက်ပိုင်းမှာ သူ့ကို အသေအချာကမ်းလှမ်းလာခဲ့လို့ လိုင်ယွန်ကိုပယ်ချပြီး ယူနိုက်တက်ဆီကိုပဲ ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ဖွင့်ဟလာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၁၈)နှစ်အရွှယ်သာရှိသေးတဲ့ ဆယ်ကျော်သက်အရွှယ် ဥရုဂွေးလူငယ်ကစားသမားလေး ပယ်လစ်စထရီဟာ ပင်နဲရိုးလ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ တောင်ပံကစားသမားတစ်ယောက်ဖြစ်ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ သူရဲ့စီနီယာဘောလုံးသမားဘဝကို စတင်ခဲ့ရသူဖြစ်ကာ သူရဲ့ခြေစွမ်းပိုင်းထက်မြက်မှုတွေကြောင့် ရီးရဲလ်မက်ဒရစ် ဂျုဗင်တပ်စ် အသက်လက်တီကိုမက်ဒရစ် လိုင်ယွန်အသင်းတို့ကနေ အပြိုင်အဆိုင် စိတ်ဝင်စားလာခဲ့ကြတာဖြစ်ပါတယ်။ တရားဝင်ကမ်းလှမ်းမှုတွေကို လိုင်ယွန်အသင်းဘက်ကနေ စတင်လုပ်ဆောင်ခဲ့တာဖြစ်ပေမယ့် ယူနိုက်တက်က နွေစျေးကွက်ပိတ်သိမ်းချိန်မှာ ပယ်လယ်စထရီကို အသင်းဆီ အရခေါ်ယူနိုင်ခဲ့သလို ပယ်လယ်စထရီကိုယ်တိုင်ကလည်း လိုင်ယွန်ထက် ယူနိုက်တက်ကိုပဲ ရွေးချယ်သွားခဲ့ပါတယ်။

Photo Credit : Youtube

ပယ်လယ်စထရီက “ဒါက ကျွန်တော်အတွက် အရမ်းကို အံ့မခန်းပါပဲ။ ကျွန်တော်က ပင်နဲရိုးလ်စီနီယာအသင်းနဲ့တောင် တစ်ရာသီလေးပဲ ပွဲဦးထွက်ကစားခဲ့ရသေးတာပါ။ ကျွန်တော်အနေနဲ့ ပင်နဲရိုးလ်အသင်းကြီးမှာတောင် ပါဝင်ကစားခွင့်ရမယ်လို့တောင် မစဉ်းစားမိခဲ့ဘူး။ အခုဆိုရင် ကျွန်တော်က ယူနိုက်တက်မှာပါ ကစားရတော့မယ်။ ဒီလိုတွေ ဖြစ်လာလိမ့်မယ်လို့ အိမ်မက်တောင် မမက်ခဲ့ဖူးဘူး။ အခုဖြစ်လာတဲ့အရာတွေက ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအတွက် အရမ်းကို စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ ကမ်းလှမ်းမှု(၂)ခု ရခဲ့ပါတယ်။ ကံကောင်းတာကတော့ ကျွန်တော်အတွက် အရမ်းခေါင်းခဲနေစရာမဖြစ်အောင် သူတို့ဘက်ကနေ လုပ်ဆောင်ခဲ့နိုင်ပါတယ်။ ပထမဆုံးတော့ လိုင်ယွန်ဘက်ကနေ ကမ်းလှမ်းတယ်။ ပြီးတော့ မန်ချက်စတာယူနိုက်တက်က ကမ်းလှမ်းတယ်။ ဒီလို အခွင့်အရေးတွေ ရလာတာကို ကျွန်တော်အရမ်းပျော်မိတယ်။ ပရီးမီးယားလိဂ်က ကျွန်တော်မိဘတွေနဲ့အတူ အမြဲတမ်းအားပေးကြည့်ရှုဖြစ်တဲ့ လိဂ်တစ်ခုဖြစ်ပြီးတော့ ဒီလိဂ်ကြီးမှာ ပါဝင်ကစားခွင့်ရဖို့ စိတ်ကူးခဲ့ဖူးမှာတောင် မဟုတ်ဘူး။ အခုတော့ ကျွန်တော်ဒီလိဂ်မှာ ကစားဖို့ အခွင့်အရေးရလာခဲ့ပါပြီ။ ကျွန်တော်ရဲ့စွန့်စားခန်းအသစ်တစ်ခုကို စတင်ဖို့အတွက် ပြင်ဆင်ထားပါတယ်” လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။