မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမားလေး ဒန်နီရယ်ဂျိမ်းစ်ကို မကြာခင်မှာပဲ စတင်ဖွင့်လှစ်သွားတော့မယ့် ဆောင်းရာသီ ဘောလုံးသမားအပြောင်းအရွှေ့စျေးကွက်အတွင်း အငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့အတွက် ပရီးမီးယားလိဂ်က ကလပ်အသင်း(၃)သင်းဖြစ်တဲ့ လိဒ်စ်ယူနိုက်တက် ဘန်လေနဲ့ ဘရိုက်တန်တို့ကနေ အပြိုင်စိတ်ဝင်စားနေကြသလို အခုနောက်ပိုင်းမှာလည်း ဝက်စ်ဘရွန်းအသင်းကပါ ထပ်တိုးစိတ်ဝင်စားလာခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : The Mirror

အသက်(၂၂)နှစ်အရွှယ်ရှိ ဝေးလ်စ်လက်ရွေးစင် တောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ်ဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ယူနိုက်တက်အသင်းမှာ ပွဲထွက်ခွင့် အနည်းငယ်သာ ရရှိလို့နေပြီး လက်ရှိအချိန်ထိ အသင်းအတွက် ပြိုင်ပွဲစုံ(၈)ပွဲသာ ကစားထားရသေးလို သူရဲ့ပရီးမီးယားလိဂ်သွင်းဂိုးကိုလည်း လိဒ်စ်ယူနိုက်တက်နဲ့ ပွဲစဉ်မှသာ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်နည်းပြဆိုးလ်ရှားက ဒန်နီရယ်ဂျိမ်းစ်ကို ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း (၅)ပွဲသာ အသုံးပြုခဲ့ပြီး အသုံးပြုခဲ့တဲ့ ပွဲတိုင်းမှာ ပွဲထွက်ကစားသမားအဖြစ် အသုံးပြုခဲ့ပေမယ့် ကျန်တဲ့ပွဲစဉ်တွေမှာတော့ လူစာရင်းအတွင်း လုံးဝမပါခဲ့တာတို့ အရန်စာရင်းမှာ ပါဝင်လာပြီး ကစားခွင့်မရခဲ့တာတို့ ရှိခဲ့ရပါတယ်။

Photo Credit : Metro

ဒီလိုအခြေအနေရှိနေတဲ့ ဒန်နီရယ်ဂျိမ်းစ်ကို ပရီးမီးယားလိဂ် ကလပ်အသင်းများစွာကနေ လာမယ့်ဆောင်းရာသီစျေးကွက်အတွင်း အငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့ စိတ်ဝင်စားလို့နေပါတယ်။ လက်ရှိမှာတော့ ဒန်နီရယ်ဂျိမ်းစ်ကို ခေါ်ယူဖို့အတွက် ဘန်လေ လိဒ်စ် ဘရိုက်တန်နဲ့ ဝက်စ်ဘရွန်းအသင်းတို့ကနေ ရာသီကုန် အငှားစာချုပ်နဲ့ ခေါ်ယူချင်နေတာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းကတော့ လာမယ့်ဇန်နဝါရီလ (၁)ရက်နေ့မှာပဲ နွေစျေးကွက်အတွင်းက ခေါ်ယူထားခဲ့တဲ့ အတ္တလန်တာ တောင်ပံကစားသမား အာမတ်ထရာအိုရေး ရောက်ရှိလာတော့မှာဖြစ်ပြီး စီနီယာအသင်းမှာ စတင်အသုံးပြုဖွယ် ရှိနေတာကြောင့် ဒန်နီရယ်ဂျိမ်းစ်ရဲ့ ပွဲကစားခွင့်တွေ ပိုမိုနည်းပါးလာနိုင်ပါတယ်။ ဒါပေမယ့် ထွက်ပေါ်ထားတဲ့ သတင်းတွေအရတော့ ယူနိုက်တက်ဘက်ကနေ ဂျိမ်းစ်ကို အငှားချသွားဖို့ ဆန္ဒမရှိပဲ ပွဲကျပ်တွေများစွာ ဖြတ်သန်းရဦးမှာဖြစ်တာကြောင့်မို့ အသင်းမှာ ကစားသမားအင်အား တောင့်တင်းနေစေဖို့အတွက် အသင်းမှာပဲ ဆက်ထိန်းထားဖွယ် ရှိနေပါတယ်။ ဒါပေမယ့် ယူနိုက်တက်ဟာ ဆောင်းစျေးကွက်အတွင်းမှာတော့ အသင်းနဲ့ အနာဂတ်မရှိတော့တဲ့ ကစားသမားတွေဖြစ်သော မားကို့စ်ရိုဟို ရိုမဲရိုး ဖီးလ်ဂျုံးတို့ကို လက်တွဲဖြုတ်သွားဖို့ သေချာသလောက်ကို ရှိနေပါတယ်။