MySport Myanmar

လီဗာပူးရဲ့ စိတ်ဝင်စားမှုကို ရခဲ့ပေမယ့် ယူနိုက်တက်ကိုသာ ရွေးခဲ့တဲ့ အမ်မရာဘက်

အီတလီ စီးရီးအေ နာမည်ကြီးကလပ် ဖီအိုရင်တီးနားရဲ့ ကွင်းလယ်ကြယ်ပွင့် အမ်မရာဘက်က ပရီးမီးယားလိဂ် အင်အားကြီးအသင်းတွေ ဖြစ်တဲ့ လီဗာပူးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ကမ်းလှမ်းမှုတွေကို တပြိုင်နက်ထဲ ရခဲ့ပေမယ့် လီဗာပူးရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ပြီး မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာကြပါတယ်။

အသက် ၂၆နှစ် အရွယ် မော်ရိုကို လက်ရွေးစင် ကွင်းလယ်လူ ဆော့ဖ်ရန် အမ်မရာဘက်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဖီအိုရင်တီးနားနဲ့အတူ ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့သလို မိခင်နိုင်ငံ ဖြစ်တဲ့ မော်ရိုကိုကိုလည်း ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် အထိ ရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့သူပါ။

Photo Credit: Mirror

အမ်မရာဘက်က ဗဟိုကွင်းလယ်နဲ့ ကွင်းလယ်ခံစစ် နေရာတွေမှာ ကောင်းကောင်း ကစားနိုင်သူ ဖြစ်ပြီး လုပ်အားနှုန်း ကောင်းမွန်သလို ဘောလုံးပေးပို့နိုင်စွမ်းကလည်း ထိပ်တန်းအဆင့်မှာ ရှိတာကြောင့် ကွင်းလယ်ပိုင်း အားနည်းချက်တွေ ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့က သူ့ကို ခေါ်ယူဖို့ ကြိုးစားခဲ့တာပဲ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့ အပါအဝင် ဥရောပ နာမည်ကြီးအသင်း တချို့က အမ်မရာဘက်ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် အမ်မရာဘက်ကတော့ နယ်သာလန် ထိပ်သီးနည်းပြ အဲရစ် တန်ဟက်ဂ် ဦးဆောင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်ဆီသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

 

Photo Credit: Team Talk

မန်ချက်စတာ ယူနိုက်တက်ဟာ ယမန်နေ့မှာ အမ်မရာဘက်ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း အီတလီ နာမည်ကြီး သတင်းထောက်တွေက အခိုင်အမာ ဖော်ပြလာကြပြီး အမ်မရာဘက်က မန်ချက်စတာ ယူနိုက်တက်မှာ ၁နှစ် လုပ်ခလစာ ယူရို ၄သန်းကျော် အထိ ရရှိမယ်လို့လည်း ဆိုထားကြပါတယ်။

နာမည်ကြီး အီတလီ သတင်းဌာန တခု ဖြစ်တဲ့ Corriere della Seraရဲ့ ဖော်ပြချက်အရ အမ်မရာဘက်က လီဗာပူးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ကမ်းလှမ်းမှုတွေကို တပြိုင်နက်ထဲ ရရှိခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး အမ်မရာဘက်ကို မရခဲ့တာကြောင့်သာ လီဗာပူးက ဆောက်သမ်တန် ကွင်းလယ်လူ လာဗီယာကို ခေါ်ယူဖို့ ပြောင်းလဲ ကြိုးပမ်းနေတာ ဖြစ်ကြောင်း သိရှိရပါတယ်။

Exit mobile version