မန်ချက်စတာယူနိုက်တက်အသင်းကတော့ အပြောင်းအရွှေ့ကောလဟာလတွေ မကြာခဏကို ထွက်ပေါ်တတ်လေ့ရှိတဲ့ သူတို့ရဲ့ကြယ်ပွင့်ကစားသမားတစ်ယောက်ဖြစ်တဲ့ ပေါလ်ပေါ့ဘာကို လာမယ့်နွေစျေးကွက်လောက်မှာပဲ အသင်းကနေ လက်လွတ်သွားဖို့ အစီအစဉ်တွေ ရှိလို့နေပြီး ပေါ့ဘာကိုလည်း သူရဲ့အသင်းဟောင်း ဂျုဗင်တပ်စ်အသင်းဘက်ကနေ ပြန်လည်ခေါ်ယူသွားချင်နေတဲ့အတွက် အသင်းက ကစားသမားတချို့အပါအဝင် ပြောင်းရွှေ့ကြေးတချို့နဲ့ အလိုက်ပေးကမ်းလှမ်းသွားဖွယ် ရှိနေပါတယ်။

Photo Credit : Manchester Evening News

အီတလီသတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေထဲမှာတော့ ဂျုဗင်တပ်စ်အသင်းဘက်က ပေါ့ဘာကိုု ပြန်လည်ခေါ်ယူနိုင်ဖို့အတွက် ပြောင်းရွှေ့ကြေးသီးသန့်ကိုသာ အသုံးမပြုလိုပဲ ပြောင်းရွှေ့ကြေးအပြင် အသင်းသားတွေဖြစ်တဲ့ ဒီဘားလား ဘာနာဒက်စကီး ဒေါက်ဂလပ်ကော်စတာ(ဘိုင်ယန်မြူးနစ်ကို အငှားချ)နဲ့ ရမ်ဆေးတို့ထဲက တစ်ယောက်ယောက်နဲ့ အလိုက်ပေးကမ်းလှမ်းချင်နေတာလို့ သိရပါတယ်။ ယူနိုက်တက်အသင်းဘက်ကနေလည်း ဒီလို ကစားသမားပါ အလိုက်ပေးကမ်းလှမ်းမှုအပေါ်ကို သဘောကျပေမယ့် ယူနိုက်တက်ဘက်က အလိုရှိတဲ့ ကစားသမားစာရင်းထဲမှာတော့ ကွင်းလယ်ကစားသမား အာရွန်ရမ်ဆေးနဲ့ တောင်ပံကစားသမား ဒေါက်ဂလပ်ကော်စတာတို့ မပါဝင်နေဘူးလို့ သိရပါတယ်။

Photo Credit : Larnea del Calcio

အသက်(၂၇)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား ပေါ့ဘာဟာ ၂၀၁၆ခုနှစ်ကမှ ဂျုဗင်တပ်စ်ကနေ ယူနိုက်တက်အသင်းဆီကို ပြန်လည်ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ယူရိုပါလိဂ်ဖလား လိဂ်ဖလားတွေကို ဆွတ်ခူးနိုင်ခဲ့ကာ အသင်းအတွက် အဓိက ကစားသမားတစ်ယောက်အဖြစ် ပါဝင်ကစားခဲ့ပေမယ့်လည်း သူရဲ့အနာဂတ်အခြေအနေတွေက မကြာခဏဆိုသလို လှုပ်ခတ်လွန်းနေပြီး သူကိုယ်တိုင်ကရော သူရဲ့အေးဂျင့်ဖြစ်သူ ရွိုင်အိုလာကပါ အနာဂတ်ကို လှုပ်ခတ်သွားစေမယ့် စကားမျိုးတွေကို ထုတ်ဖော်ပြောဆိုတတ်လေ့ ရှိနေပါတယ်။ ပေါ့ဘာဟာ လက်ရှိမှာလည်း ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်းက သိပ်မကျန်ရစ်တော့သလို စာချုပ်သစ်ကိစ္စမှာလည်း ကြန့်ကြာနေတာကြောင့် လာမယ့်နွေစျေးကွက်မှာ အသင်းနဲ့ လမ်းခွဲဖို့က ရာခိုင်နှုန်း ပိုများလာခဲ့ရသလို သူရဲ့အသင်းဟောင်း ဂျုဗင်တပ်စ်ကလည်း ပေါ့ဘာကို ပြန်လည်ပိုင်ဆိုင်ဖို့ အဓိကပစ်မှတ်ထားလာခဲ့ပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ ယူနိုက်တက်ဟာ ပေါ့ဘာအတွက် ဒီဘားလားနဲ့ ပြောင်းရွှေ့ကြေးတချို့ကိုသာ အလိုရှိနေပြီး ဘယ်လိုပုံစံတွေနဲ့ တရားဝင်ကမ်းလှမ်းလာမလဲဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။