ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ယူအသင်းဟာ ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ လစ်ဇက်အသင်းရဲ့ ပြင်သစ် လူငယ် ခံစစ်မှူး အူပါမီကာနိုကို ခေါ်ယူဖို့ အတွက် ယနေ့ညမှာ ကစားမယ့် ချန်ပီယံလိဂ် ပွဲစဉ်မှာထဲက စတင် ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေနဲ့ အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ မန်ယူအသင်း ဟာ ယနေ့ည ၂နာရီခွဲမှာ အူပါမီကာနို ပါဝင်တဲ့ လစ်ဇက်အသင်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားရမှာ ဖြစ်ပြီး အဆိုပါ ပွဲစဉ် ပြီးဆုံးသွားချိန်မှာ အူပါမီကာနိုကို ခေါ်ယူဖို့ ကြိုးပမ်းမှုတွေ စတင်မှာပဲ ဖြစ်ပါတယ်။

Photo Credit: Standard

အသက် ၂၂နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ခံစစ်မှူး အူပါမီကာနိုဟာ လက်ရှိအချိန်မှာ ဥရောပရဲ့ အကောင်းဆုံး လူငယ် နောက်ခံလူအဖြစ် ဘောလုံးသုတေသီတွေရဲ့ သတ်မှတ်ခြင်းကို ခံထားရသူ ဖြစ်ပြီး လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ အများအပြား ရှိနေပါတယ်။ အဆိုပါ အသင်းတွေထဲမှာ မန်ယူအသင်းလည်း အပါအဝင် ဖြစ်ပြီး မန်ယူအသင်းဟာ ယနေ့ည ပွဲစဉ်မှာ ဘယ်လို ရလဒ်ထွက်လာသည် ဖြစ်စေ အူပါမီကာနိုကို ခေါ်ယူနိုင်ဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင် သွားမှာ ဖြစ်ပြီး အူပါမီကာနိုဟာ သူတို့အသင်းထံ ပြောင်းရွှေ့လာမယ်လို့ ယုံကြည်ထားကြောင်း မန်ချက်စတာမြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။

Photo Credit: Standard

နာမည်ကျော် သတင်းဌာန တစ်ခုဖြစ်တဲ့ The Times သတင်းဌာနရဲ့ အဆိုအရတော့ မန်ယူအသင်းဟာ အူပါမီကာနိုကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ လျာထားပြီး အူပါမီကာနိုရဲ့ စာချုပ် ဖျက်သိမ်းကြေးဟာလည်း ၂၀၂၁ ခုနှစ်မှာ စတင် အသက်ဝင်မှာ ဖြစ်ကာ မန်ယူအသင်းအနေနဲ့ အူပါမီကာနို ကို ပြောင်းရွှေ့ကြေး ပေါင် ၃၈သန်း ဝန်းကျင်နဲ့ ခေါ်ယူနိုင်ဖွယ် ရှိကြောင်း သိရပါတယ်။ မန်ယူအသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှားကတော့ ယမန်နေ့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အူပါမီကာနိုရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ဆွေးနွေးဖို့ ငြင်းဆိုခဲ့ပေမယ့် အူပါမီကာနိုရဲ့ ခြေစွမ်းကောင်းတွေကို ယနေ့ည မှာ အနီးကပ် မြင်တွေ့ရမှာ ဖြစ်ကြောင်း ပြောသွားခဲ့ပါတယ်။ ဆိုးလ်ရှားက “သူက ကျွန်တော်တို့နဲ့ မနက်ဖြန် ညမှာ ရင်ဆိုင် ကစားရတော့မှာ ဖြစ်တာကြောင့် သူဟာ ကစားသမားကောင်း တစ်ဦးဆိုတာ သိထားတဲ့ ကျွန်တော်တို့ အတွက် သူ ဘယ်လောက် ကောင်းလဲဆိုတာ အနီးကပ် မြင်တွေ့ခွင့် ရတော့မှာပါ” လို့ ပြောကြား သွားခဲ့တာပါ။