MySport Myanmar

တန်ဟက်ဂ်ကို ရာထူးကနေ မထုတ်ပယ်ပဲ နောက်ထပ် ၁ရာသီ အခွင့်အရေး ပေးဦးမယ့် မန်ယူ

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က ယခုနှစ် ဘောလုံးရာသီမှာ မထင်မှတ်ထားပဲ ရလဒ်ဆိုးတွေ ဆက်တိုက် ရနေပေမယ့် အသင်းနည်းပြချုပ် တန်ဟက်ဂ်ကို ရာထူးကနေ မထုတ်ပယ်ပဲ နောက်ထပ် ၁ရာသီ အခွင့်အရေး ဆက်ပေးဖို့ စဉ်းစားထားကြောင်း ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြလာကြပါတယ်။

အသက် ၅၄နှစ် အရွယ် နယ်သာလန်လူမျိုး ထိပ်သီးနည်းပြ အဲရစ် တန်ဟက်ဂ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာမှ နယ်သာလန်ကလပ် အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာသူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က သူ့ကို ခေါ်ယူစဉ်မှာ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့ပါတယ်။

Photo Credit: Goal

တန်ဟက်ဂ်က သူ့ရဲ့ ယူနိုက်တက်နည်းပြဘဝ ပထမဦးဆုံး ဘောလုံးရာသီမှာ အသင်းအတွက် ကာရာဘောင်းဆုဖလားနဲ့ အက်ဖ်အေပြိုင်ပွဲရဲ့ ငွေတံဆိပ်တို့ ရယူပေးနိုင်ခဲ့သလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း အဆင့်(၃) ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ပထမရာသီမှာ အောင်မြင်မှုတွေ ရခဲ့တာကြောင့် တန်ဟက်ဂ်ရဲ့ ဒုတိယမြောက် ရာသီမှာလည်း ယူနိုက်တက်က အောင်မြင်မှုတွေ ဆက်လက် ရယူနိုင်လိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရပေမယ့် ဒီရာသီမှာတော့ အဓိက ကစားသမားတွေ မကြာခဏ ဒဏ်ရာရနေတာကြောင့်ပဲ တန်ဟက်ဂ်ရဲ့ မန်ချက်စတာ ယူနိုက်တက်က ရလဒ်တွေ ဆိုးဝါးနေပါတယ်။

Photo Credit: Football 365

တန်ဟက်ဂ်ရဲ့ ဒုတိယမြောက်ရာသီမှာ မန်ချက်စတာ ယူနိုက်တက်က ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ကာရာဘောင်းပြိုင်ပွဲတွေ ကနေ အစောကြီး ထွက်ခွာခဲ့ရသလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း ဥရောပဝင်ခွင့် ရဖို့ မလွယ်ကူတဲ့ အနေအထားကို ရောက်နေပြီး ပြိုင်ပွဲစုံမှာ ရလဒ်တွေ ဆိုးဝါးနေတာကြောင့်ပဲ ယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင်သစ် INEOSက တန်ဟက်ဂ်ကို ရာထူးကနေ ထုတ်ပယ်ကာ နည်းပြသစ် တဦး ခန့်အပ်တော့မယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒါပေမယ့် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရ တန်ဟက်ဂ်က သူ့ရဲ့ ဒုတိယမြောက် ရာသီမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရပေမယ့် ယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင်သစ် INEOSက တန်ဟက်ဂ်နဲ့ ရာသီသစ် အတွက် အစည်းအဝေးတွေ လုပ်ထားသလို တန်ဟက်ဂ်ကလည်း အသင်းမှာ ဆက်နေခွင့် ရဖို့ သူ့ရဲ့ လုပ်ပိုင်ခွင့် တချို့ကို စွန့်လွှတ်ရန် ဆုံးဖြတ်ထားတာကြောင့် INEOSဟာ တန်ဟက်ဂ်ကို နောက်ထပ် ၁ရာသီ အခွင့်အရေး ပေးဖို စဉ်းစားထားကြောင်း သိရှိရပါတယ်။

Exit mobile version