ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း တစ်သင်း ဖြစ်တဲ့ မန်ယူအသင်းဟာ လက်ရှိ နွေစျေးကွက် အတွင်းမှာ သူတို့အသင်းရဲ့ ပထမဦးဆုံး ကစားသမား ခေါ်ယူမှုအဖြစ် အေဂျက်အသင်းရဲ့ နယ်သာလန် ကွင်းလယ်လူ ဗန်ဒီဘိခ်ကို ခေါ်ယူနိုင်ခဲ့ အပြီးမှာတော့ အသင်းရဲ့ နောက်ခံလူ တစ်ဦး ဖြစ်တဲ့ စမောလင်းကို ရောင်းချတော့မယ် လို့ သိရပါတယ်။ အသက် ၃၀ အရွယ် ရှိနေပြီ ဖြစ်တဲ့ ခရစ် စမောလင်းဟာ မန်ယူအသင်းထံကို ၂၀၁၀ ခုနှစ်ကတည်းက ဖူလ်ဟမ်အသင်း ကနေ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး အသင်းရဲ့ သက်တော်ရှည် ကစားသမားတွေထဲက တစ်ဦးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ စမောလင်း ဟာ ကာလရှည် ကစားခဲ့တဲ့ မန်ယူအသင်းကနေ ထွက်ခွာရတော့မှာပါ။

Photo Credit: Sports Mole

စမောလင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာကတည်းက မန်ယူအသင်းကနေ စီးရီးအေ ကလပ် ရိုးမားအသင်းထံကို တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့ ကစားခဲ့သူ ဖြစ်ပြီး ရိုးမားအသင်းမှာ ကစားခဲ့စဉ်တုန်းက အသင်းရဲ့ အဓိက အားထားရတဲ့ ကစားသမား တစ်ဦး ဖြစ်လာခဲ့ကာ စီးရီးအေပြိုင်ပွဲရဲ့ အကောင်းဆုံး ခံစစ်မှူးတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသူပါ။ ဒါ့ကြောင့်ပဲ ရိုးမားအသင်းဟာ စမောလင်းကို မန်ယူအသင်း ကနေ အပြီးသတ် ခေါ်ယူလိုနေပြီး မန်ယူအသင်းကလည်း ယခုရက်ပိုင်း အတွင်းမှာပဲ ရိုးမားအသင်းကနေ စမောလင်းအတွက် တရားဝင် ကမ်းလှမ်းလာဖို့ မျှော်လင့်နေတယ်လို့ ဥရောပ အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။

Photo Credit: Sports Mole

နာမည်ကြီး သတင်းထောက် တစ်ဦး ဖြစ်တဲ့ Fabrizio Romano ရဲ့ ဖော်ပြချက်အရတော့ မန်ယူအသင်းဟာ စမောလင်းကို ယခုတစ်ပတ် အတွင်းမှာပဲ ရိုးမားအသင်းထံကို ရောင်းချလိုနေပြီး စမောလင်းကို ရောင်းချပြီးပါက ဗဟိုနောက်ခံလူ တစ်ဦးကို ပြန်လည် ခေါ်ယူမှာ ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိမှာတော့ မန်ယူအသင်းဟာ လစ်ဇက်အသင်းရဲ့ နောက်ခံလူ အူပါကာမီနိုနဲ့ မိုနာကိုအသင်းရဲ့ နောက်ခံလူ ဘာဒီယာရှီလီ တို့ နှစ်ဦးကို ခေါ်ယူဖို့ မျက်စိကျနေပြီး နောက်ဆုံး ရရှိထားတဲ့ သတင်းတွေ အရတော့ လစ်ဇက်အသင်းရဲ့ နောက်ခံလူ အူပါကာမီနို ဟာ မန်ယူအသင်းရဲ့ အဓိက ပစ်မှတ် ဖြစ်နေတယ် လို့ သိထားရပါတယ်။ အီတလီ အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေ ကတော့ မန်ယူအသင်းဟာ စမောလင်းအတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၅ သန်း ဝန်းကျင်ခန့် ရရှိနိုင်တယ် လို့ ခန့်မှန်းထားကြပါတယ်။