ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကစားသမားသစ်တွေ ဝယ်ယူကာ အသင်းကို အင်အားဖြည့်ဖို့ထက် အသင်းမှာ ရှိတဲ့ ကစားသမားတွေထဲက အသုံးမလိုတဲ့ ကစားသမားတွေကို ရောင်းချဖို့အား အဓိကထား လုပ်ဆောင် သွားမှာ ဖြစ်ကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာနက ဖော်ပြ သွားပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လက်ရှိ ဘောလုံးရာသီမှာ ခံစစ်ပိုင်း အားနည်းချက်တွေကြောင့် ရလဒ်ပိုင်း မတည်မငြိမ် ဖြစ်နေပြီး ဘောလုံး ကျွမ်းကျင်သူတွေနဲ့ ယူနိုက်တက် အသင်းရဲ့ ကစားသမားဟောင်းတွေ ကတော့ မန်ချက်စတာ ယူနိုက်တက်အသင်း အနေနဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဗဟို ခံစစ်မှူး တစ်ဦးကို ခေါ်ယူသင့်ကြောင်း အကြံပေး နေကြပါတယ်။

Photo Credit: Sky Sports

ဒါပေမယ့် မန်ချက်စတာ ညနေခင်း သတင်းဌာနရဲ့ ဖော်ပြချက် အရတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လက်ရှိရာသီမှာ အနည်းငယ် အရှုံးပေါ်ခဲ့တဲ့ ဘဏ္ဏာရေး အခြေအနေကို ပြန်လည် ဖာထေးနိုင်ဖို့ အတွက် အသင်းမှာ အသုံးမလိုတဲ့ ကစားသမားတွေကို ရောင်းထုတ်သွားမှာ ဖြစ်ပြီး အဆိုပါ ကစားသမား စာရင်းမှာ ကစားသမား ၆ဦးခန့် ပါဝင်နေကြောင်း သိရပါတယ်။ အဆိုပါ ကစားသမားတွေ ကတော့ ရိုမဲရိုး ၊ ဖီးလ်ဂျုံးစ် ၊ မားကို့စ် ရိုဟို ၊ ဖိုဆူမန်ဆက် ၊ ဘိုင်လီ ၊ လင်ဂတ် စတဲ့ ကစားသမားတွေ ဖြစ်ကြောင်း များပြားတဲ့ အင်္ဂလန် သတင်းဌာနတွေက ဖော်ပြ ထားကြပါတယ်။ အဆိုပါ ကစားသမားတွေ အနက် ဂိုးသမား ဖြစ်သူ ရိုမဲရိုးဟာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ဖို့ ရေပန်းစား နေပါတယ်။

Photo Credit: Sky Sports

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နောက်ခံလူ ဖြစ်တဲ့ ဘိုင်လီကို ခေါ်ယူဖို့ စိတ်ဝင်စား နေတဲ့ အသင်းတချို့ ရှိနေပြီး အဆိုပါ အသင်းတွေ အနက် စီးရီးအေ နာမည်ကြီး အသင်း ဖြစ်တဲ့ အေစီမီလန် အသင်းလည်း ပါဝင်နေကြောင်း အီတလီ သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။ အခြား ကစားသမားတွေ ဖြစ်တဲ့ ဖီးလ်ဂျုံးစ် ၊ ဖိုဆူမန်ဆက်နဲ့ ရိုဟိုတို့ကိုတော့ ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ အဲဗာတန် ၊ နယူးကာဆယ်နဲ့ ဝက်စ်ဟမ်းအသင်းတို့က စိတ်ဝင်စား နေကြပြီး မကြာသေးမီကမှ သူ့ရဲ့ အေးဂျင့် ဖြစ်သူ ရိုင်းအိုလာနဲ့ လက်တွဲဖြုတ်ထားတဲ့ လင်ဂတ် ကတော့ အင်္ဂလန်နိုင်ငံ ပြင်ပမှာ ရှိတဲ့ အခြားအသင်းတွေဆီသာ ပြောင်းရွှေ့ဖို့ ရည်ရွယ် ထားကြောင်း သိရပါတယ်။